တော်လှန်ရေး အင်အားစုတွေအကြားက ပွတ်တိုက်မှုတွေ (၁)

0
1945

ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို တနင်္သာရီတိုင်းရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် တိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုလိုက်မှုအပေါ် ကြိုဆိုကြောင်း ထုတ်ပြန်သည်။

ယင်းမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေမှုကို ပါတီတစ်ခုက နိုင်ငံရေးလက်ဝါးကြီးအုပ်ရန် ကြိုးစားလာခြင်းဟု ဒေသတွင်းအစုအဖွဲ့များက ထောက်ပြကြပြီး ကန့်ကွက်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

ယင်းဥပဒေ အတည်ပြုလိုက်မှုကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာ ထုတ်ခဲ့ကြသည်။

NLD ပါတီကို ထောက်ခံသူအချို့ကလည်း ကန့်ကွက်မှုများအပေါ် ပြန်လည်မေးခွန်းထုတ် ဝေဖန်သည်မျိုး ရှိခဲ့ပြီး အယူအဆမတူညီမှုများရှိနေသည်။

နှစ်ဖက်အငြင်းပွားမှုများ ရှိနေသော်လည်း ကန့်ကွက်ရသည့် အကြောင်းအရင်းကို အလေးအနက်ထား ဆွေးနွေးသည်မျိုး မရှိသဖြင့် အင်အားစုများအကြား ပွတ်တိုက်မှုမှာ ပိုမိုပြင်းထန်လာနေသည်။

တော်လှန်ရေးအင်အားစုများ အကြားဖြစ်ပေါ်နေသည့် ပွတ်တိုက်မှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် မတူကွဲပြားနေသည့် အယူအဆများကို ညှိနှိုင်းကာ ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟုDawei Watch အနေဖြင့် ယုံကြည်ပါသည်။

ယင်းအကြောင့် ကန့်ကွက်ရသည့် အကြောင်းအရင်းမှန်ကို သိရှိစေရန် အစုအဖွဲ့အသီးသီးမှ တာဝန်ရှိသူများကို တွေ့ဆုံကာ တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြသွားမည်ဖြစ်ပါသည်။

“ဒီလိုဥပဒေမူကြမ်းရေးဆွဲနေတာတောင်မှ ပြည်သူအသံ ကို နားမထောင်ဘူးဆို နောင်ရေးဆွဲမယ့် အစီအစဉ်တွေက လုံးဝ လုံးဝ ပြည့်သူကို ကိုယ်စားပြုမှု မဖြစ်နိုင်ဘူး”

ကိုဒင်ဒင်

တာဝန်ရှိသူ ၊ အဝေးရောက်သွေးချင်းများကွန်ယက် (ထောက်ပို့အဖွဲ့ပေါင်း ၃၀ ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်)

DW ။ တိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့ ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့အထဲမှာ အကိုတို့ရဲ့ အစုအဖွဲ့ကလည်း ပါတာတွေ့ရတယ်။ ဘာကြောင့် ကန့်ကွက်တာလဲ။

ဖြေ ။ ဘာကြောင့် ကန့်ကွက်ဖြစ်တာလဲဆိုရင် တိုင်းလွတ်တော်က အတည်ပြုလိုက်တဲ့ ကြားကာလအစီအမံကြိုတင်ပြင်ဆင်မှု ဆိုင်ရာ ဥပဒေပြုအဖွဲ့ သည် တနင်္သာရီ တိုင်းရဲ့တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ ပြည်သူကိုယ်စားပြု အစုအဖွဲ့ အသီးသီးရဲ့ လက်ရှိအခြေအနေကို လုံးဝ ကိုယ်စားမပြုဘူး။ ပြည်သူသဘောထားကို မျက်ကွယ်ပြုတဲ့သဘော ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကွန်ရက်က ကန့်ကွက်ရခြင်းဖြစ်တယ်ပေါ့လေ။

DW ။ CRTH က တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေထုတ်ပြန်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ CRTHက တနင်္သာရီ ဖယ်ဒရယ် ယူနစ်ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းကို ထုတ်ပြန်တဲ့ အစုအဖွဲ့သည် ပါတီတစ်ခုကိုသာ ကိုယ်စားပြုနေတဲ့ သဘောဖြစ်နေတယ်လို့ မြင်တယ်။ ဖယ်ဒရယ်လို့သာ ပြောနေတာ ကိုယ်တိုင်က ဖယ်ဒရယ်ရဲ့ သဘောသဘာဝကို ဆန့်ကျင့်နေတဲ့ မူဝါဒတစ်ခုဖြစ်နေတယ်လို့ မြင်ပါတယ်ဗျ။

DW ။ အခုလိုမျိုးအကိုတို့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်နေတဲ့ကြား ‌တိုင်းလွှတ်‌တော်ခေါ်ပြီး အတည်ပြုလိုက်တဲ့အပေါ်မှာရော ဘာပြောချင်တာရှိလဲ။

ဖြေ ။ တော်လှန်ရေးအင်အားစုတွေ ကန့်ကွက်နေတဲ့ကြားက ‌တိုင်းလွှတ်‌တော်ခေါ်ပြီး အတည်ပြုလိုက်တယ်ဆိုတာ ပါတီတစ်ခု လူတစ်စု အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေတဲ့ သဘောဖြစ်နေတာနဲ့ အတူတူဖြစ်နေပါတယ်။

DW ။ ဒီဥပဒေက အစီအမံမူကြမ်းရေးဆွဲမယ့် ဥပဒေသာဖြစ်တယ်ပေါ့နော်။ အဲဒီအဆင့်မှာကို ကန့်ကွက်နေတာက မဖြစ်သင့်ဘူးဆိုတဲ့ အမြင်တွေလည်းရှိကြတယ်။ အဲဒီအပေါ်မှာရော ဘာမှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ ။ ဒီလိုဥပဒေမူကြမ်းရေးဆွဲနေတာတောင်မှ ပြည်သူအသံ ကို နားမထောင်ဘူးဆို နောင်ရေးဆွဲမယ့် အစီအစဉ်တွေက လုံးဝ လုံးဝ ပြည့်သူကို ကိုယ်စားပြုမှု မဖြစ်နိုင်ဘူး။ သက်ရောက်မှု မပြုဘူးဆိုတာကို သက်သေပြနေတာနဲ့ တူတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ အစကတည်းကမှ ပြည်သူကိုမလေးစားရင် နောင်စစ်အာရှင်စနစ် ထပ်မံပေါ်ပေါက်ဖို့ဆိုတာ ပိုပြီးသေချာနေတယ်။ထပ်ပြီး ကျွန်တော်တို့ စစ်အာဏာရှင်စနစ် ကို အမြစ်ပြုတ်တိုက်ထုတ်ရဦးမယ်ဆိုတာ ပိုပြီး သိသာနေတယ်လို့ မြင်ပါတယ်ခင်ဗျား။

“ပြည်သူလူထုရဲ့ Mandate (လုပ်ပိုင်ခွင့်) ရထားတဲ့ လူတွေက ဒီလိုလုပ်လိုက်တာဆိုတော့ နိုင်ငံရေးအရ တော်တော်လေးကိုမှ နောက်ပြန်ဆုတ်သွားတဲ့ အနေအထားဖြစ်သွားတယ်”

ကိုဝဏ္ဏ

တာဝန်ခံ၊ တပ်ပေါင်းစုသပိတ်ကော်မတီ-ထားဝယ်

DW ။ CRTH က ထုတ်ပြန်လာတဲ့ တနင်္သာရီကြားကာလ အစီအမံဥပဒေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်တော်တို့ ဘယ်လိုမြင်လဲဆိုတော့ လက်ရှိတနင်္သာရီတိုင်းရဲ့ အာဏာဖြန့်ခွဲမှုက အများကြီး ကျယ်ပြန့်တယ်။ ပြီးတော့ အာဏာလေဟာနယ်တွေကလည်း အများကြီးရှိနေသေးတယ်လို့ ယူဆတယ်။ အဲဒီအတွက် တနင်္သာရီကြားကာလ အစီအမံဥပဒေတစ်ခုကို ထုတ်မယ်ဆိုလို့ရှိရင် ရှိနေတဲ့အင်အားစုအားလုံး စုစည်းပြီးတော့မှ အင်အားစုအားလုံးမရရင်တောင် အများဆုံးရအောင်စုစည်းပြီးတော့ လွှတ်တော်ကိုယ်စာလှယ်တွေအနေနဲ့ အမြင်ကျယ်ကျယ် သဘောထားကြီးကြီးနဲ့ ဆွေးနွေးတာတွေမျိုးလုပ် ကြားကာလအစီမံဥပဒေတစ်ခု အတည်ပြုနိုင်ဖို့။ ပြီးတော့ အားလုံးကနားလည် သဘောပေါက်ပြီးတော့ ဝိုင်းဝန်းလုပ်တဲ့ ဥပဒေတစ်ရပ် လူထုတစ်ရပ်လုံးကို အခြေခံတဲ့ ဥပဒေတစ်ရပ်ဖြစ်လာဖို့အတွက် အရင်ဆုံး ကနဦးကြိုးစာသင့်တယ်လို့ထင်တယ်။

ဒါပေမဲ့ လက်ရှိမှာကတော့ အဲလိုပုံစံမဟုတ်ဘဲနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီး ထုတ်ပြန်မှပဲ တနင်္သာရီတိုင်းမှာ ဒီလိုဥပဒေတစ်ရပ် အတည်ပြုဖို့ ကြိုးစားနေတယ်ဆိုတာ သိရတယ်။ အဲဒီအတွက် အများကြီးဝမ်းနည်းရသလိုပဲ နိုင်ငံရေးဆိုင်ရာ တနင်္သာရီတိုင်းအနေနဲ့ အများကြီးလို အပ်ချက်ရှိနေသေး တာကိုလည်းသိရတယ်။

ပြီးတော့ ကျွန်တော်တို့တနင်္သာရီတိုင်းကလည်း တော်လှန်ရေးကာလမှာရော တော်လှန်ရေးကာလ မတိုင်မီ ကရော လူမျိုးအပေါ်အခြေခံတာရော၊ ပထဝီနိုင်ငံရေးအပေါ်အခြေခံပြီး လှုပ်ရှားမှုတွေ အများကြီး ရှိတယ်။ အဲဒါတွေကိုစုစည်းရမယ့်အစား ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်(Mandate) ရထားတဲ့ လူတွေက ဒီလိုလုပ်လိုက်တာဆိုတော့ နိုင်ငံရေးအရ တော်တော်လေးကိုမှ နောက်ပြန်ဆုတ်သွားတဲ့ အနေအထားဖြစ်သွားတယ်။

DW ။ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်နေတဲ့ကြား ‌တိုင်းလွှတ်‌တော်ခေါ်ပြီး အတည်ပြုလိုက်တဲ့ အပေါ်မှာရော ဘာပြောချင်တာရှိလဲ။

ဖြေ ။ အတင်းအဓမ္မပြဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်က ပေါ်လာတဲ့ တိုင်းဒေသကြီး လွှတ်တော်လို့ပြောရမှာပေါ့။ အဲဒီမှာလည်းပဲ ဝင်လိုက်တာနဲ့ ဝင်ပေါက်မှာကို ကပ်ထားတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ‘ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ဖော်ဆောင်ရွက်’ ဆိုပြီး ရေးထားတဲ့ ဟာရှိတာပေါ့နော်။ ဒါပေမဲ့လည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံက တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုမရှိတဲ့အပြင် အဖက်ဖက်က ချွတ်ခြုံကျနေတာ၊ လူထုကိုဦးတည်မထားတဲ့ဟာတွေပဲ မြင်ရတယ်ပေါ့နော်။ အခုချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြတာပေါ့နော်။ ဒီအထဲမှာ တော်လှန်ရေးထဲမှာ တစိုက်မတ်မတ်လုပ်နေတဲ့အဖွဲ့တွေ အများကြီးပါတယ်။ ဒီအသံတွေကို တကယ်နားမထောင်ဘူးဆိုရင် လက်ရှိ ရှိနေတဲ့ လွှတ်တော်ဟာလည်းပဲ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်လုံးဝဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုအပေါ်မှာ တကယ်ပဲလေးစားတယ်၊ ပြည်သူရဲ့အသံက လွှတ်တော်ရဲ့အသံပဲလို့ယုံကြည်တယ်။ လက်ခံတယ်ဆိုရင် အခုချိန်မှာ သေသေချာချာ ပြန်ဆွေးနွေးပြီးတော့ အင်အားစုအားလုံးပါဝင်တဲ့ ပြီးတော့ လူထုတစ်ရပ်လုံးအပေါ် အခြေခံတဲ့ လူထုတစ်ရပ်လုံးက လိုက်နာနိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်လာဖို့အတွက် အကောင်းဆုံးကြိုးစားနိုင်တဲ့အချိန်လို့ပဲ ကျွန်တော်ကတော့ ပြောချင်တယ်။

DW ။ ဒီဥပဒေက ကြိုတင်စီမံချက်ဆွဲတဲ့ ဥပဒေသာဖြစ်တယ်။ အဲဒီအဆင့်မှာကို ကန့်ကွက်နေတာက မဖြစ်သင့်ဘူးဆိုတဲ့ အမြင်တွေလည်းရှိကြတယ်။ အဲဒီအပေါ်မှာရော ဘာမှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ ။ ဒီဥပဒေက ကြိုတင်စီမံချက်ဆွဲတဲ့ ဥပဒေလို့ဆိုပေမယ့် ဒီဥပဒေမူကြမ်းကို ရေးဆွဲတဲ့သူတွေကိုယ်တိုင်က တနင်္သာရီတိုင်းပြည်သူလူထုတွေရဲ့ သဘောဆန္ဒတွေကို လေးစားမှုမရှိတာတွေ အထင်းသားပေါ်နေတာတွေ ရှိတယ်။ ဥပမာ တနင်္သာရီတိုင်းကို ဖဒယ်ယူနစ်တစ်ခုအနေနဲ့ လက်ခံထားပေမယ့် လွှတ်တော်ကနေ ၂၀၀၈ အခြေခံဥပဒေထဲက အသုံးအနှုန်းတွေကိုသုံးတာတွေ၊ ကိုယ်စားပြုမှုဆိုင်ရာမှာ ရှုပ်ထွေးတဲ့အရေးအသားတွေ၊ မရှင်းလင်းတဲ့အရေးအသားတွေက အားလုံးကြားထဲမှာ ဝိဝါဒကွဲစေတယ်။ မတူကွဲပြားမှုတွေကို ပိုပြီးထိခိုက်စေတယ်။ အဲလိုဆိုတော့ ဘယ်လိုအဆင့်မှာပဲဖြစ်ဖြစ် ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ တစ်ဆင့်ချင်းလုပ်ပြီး ပိုပြီးကောင်းမွန်တဲ့ ဥပဒေမှုကြမ်းတစ်ခုဖြစ်ဖို့ ကြိုးစားသင့်တယ်ပေါ့နော်။ မဟုတ်ရင် အခုလိုမျိုး လွှတ်တော်ကနေ အတည်ပြုလိုက်ရင် ရတယ်ဆိုပြီး လုပ်မယ်ဆိုရင်တော့ အားလုံးကြားမှာ နားလည်မှုလွဲသွားပြီး ပိုပြီးတော့ ပြည်သူတွေအတွက် ဘေးထွက်ဆိုးကျိုး ပိုများလာလိမ့်မယ်လို့ယူဆတယ်။

DW ။ ဖြည့်စွက်ဆွေးနွေးချင်တာရှိရင် ပြောပေးပါ။

ဖြေ ။ နိုင်ငံရေးအာဏာ၊ စစ်ရေးအာဏာစတဲ့ အာဏာအရပ်ရပ်က ဖြန့်ဝေပြီးသွားနေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီလိုအချိန်မျိုးမှာ အစုအဖွဲ့တစ်ခုကနေပြီးတော့ တရားဝင်မှု(legitimacy) ရှိတယ်ဆိုပြီး အတင်းအဓမ္မ အတည်ပြုမယ်ဆိုရင် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းမှာပါတဲ့ အခြေခံသုံးချက်ပေါ့နော်။ အာဏာရှင်ပပျောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ဖယ်ဒယ်ဒီမိုကရေစီ တည်ဆောက်ရေးဆိုတဲ့ အပေါ်မှာ လုံးလုံးကြီးဆန့်ကျင့်နေသလိုဖြစ်နေမယ်ပေါ့နော်။ အဲဒီတော့ လူထုကို ကိုယ်စားပြုတဲ့ လွှတ်‌တော် ကိုယ်စားလှယ်အနေနဲ့ ပြန့်ကျဲနေတဲ့အင်အားစုတွေကို စုစည်းပြီးတော့ ဆွေးနွေးမှုတွေအကြိမ်ကြိမ်လုပ်ပြီး ပိုပြီးတော့ကောင်းမွန်တဲ့ နိုင်ငံရေးအစုအဖွဲ့တစ်ခု ပေါ်လာဖို့အတွက် ဝိုင်းဝန်းကြိုးစားသင့်တယ်လို့ အကြံပြုချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

တော်လှန်ရေး အင်အားစုတွေအကြားက ပွတ်တိုက်မှုတွေ (၂) >>>