တော်လှန်ရေး အင်အားစုတွေအကြားက ပွတ်တိုက်မှုတွေ (၂)

0
1000

ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို တနင်္သာရီတိုင်းရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် တိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင် ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်မှုအပေါ် ကြိုဆိုကြောင်း ထုတ်ပြန်သည်။

ယင်းမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေမှုကို ပါတီတစ်ခုက နိုင်ငံရေးလက်ဝါးကြီးအုပ်ရန် ကြိုးစားလာခြင်းဟု ဒေသတွင်းအစုအဖွဲ့များက ထောက်ပြကြပြီး ကန့်ကွက်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

ယင်းဥပဒေ အတည်ပြုလိုက်မှုကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာ ထုတ်ခဲ့ကြသည်။

NLD ပါတီကို ထောက်ခံသူအချို့ကလည်း ကန့်ကွက်မှုများအပေါ် ပြန်လည်မေးခွန်းထုတ် ဝေဖန်သည်မျိုးရှိခဲ့ပြီး အယူအဆ မတူညီမှုများရှိနေသည်။

နှစ်ဖက်အငြင်းပွားမှုများ ရှိနေသော်လည်း ကန့်ကွက်ရသည့် အကြောင်းအရင်းကို အလေးအနက်ထား ဆွေးနွေးသည်မျိုး မရှိသဖြင့် အင်အားစုများအကြား ပွတ်တိုက်မှုမှာ ပိုမိုပြင်းထန်လာနေသည်။

တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပေါ်နေသည့် ပွတ်တိုက်မှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် မတူကွဲပြားနေသည့် အယူအဆများကို ညှိနှိုင်းကာ ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟု Dawei Watch အနေဖြင့် ယုံကြည်ပါသည်။

ယင်းအကြောင့် ကန့်ကွက်ရသည့် အကြောင်းအရင်းအမှန်ကို သိရှိစေရန် အစုအဖွဲ့အသီးသီးမှ တာဝန်ရှိသူများကို တွေ့ဆုံကာ တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြသွားမည်ဖြစ်ပါသည်။

“လွှတ်တော်ကိုယ်စားလှယ်မို့လို့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာထက် ငါဘာလုပ်သင့်တယ်ဆိုတာကို အများနဲ့တိုင်ပင်ပြီး လုပ်စေချင်တယ်”

စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦး၊ သရက်ချောင်းမြို့နယ်။

DW ။ CRTH က ထုတ်ပြန်လာတဲ့ တနင်္သာရီကြားကာလ အစီအမံဥပဒေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ဒီဥပဒေက အများလက်ခံလို့ မနိုင်တဲ့ဥပဒေလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတွင်းမှာရှိတဲ့

(တော်လှန်ရေး) အင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ပေါ်လာတဲ့ဥပဒေဖြစ်တယ်။ ဒီဥပဒေရေးဆွဲနေတယ်ဆိုတာ ကိုယ့်လူအချင်းချင်းတောင် အသိမပေးခဲ့ဘူး။ ကျွန်တော်တို့ သဘောကတော့ ဥပဒေတစ်ခုကို ရေးဆွဲတော့မယ်ဆိုရင် အင်အားစုတွေအားလုံးနဲ့တိုင်တိုင်ပင်ပင်ညှိနှိုင်းပြီး လုပ်စေချင်တယ်။ အခုက ဒီလိုအခင်းအကျင်းတွေ မတွေ့ရဘူး။ အဲဒါကြောင့် ဒီဥပဒေကိုလည်း လက်ခံလို့မရဘူးလို့ ပြောချင်ပါတယ်။

DW ။ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်နေတဲ့ကြား ‌တိုင်းလွှတ်‌တော်ခေါ်ပြီး အတည်ပြုလိုက်တဲ့အပေါ်မှာရော ဘာပြောချင်တာရှိလဲ။

ဖြေ ။ သူတို့မှာ ဘာပြီးရင် ဘာလုပ်မယ်ဆိုပြီး ကြိုတင်စီမံပြီးလုပ်တာဖြစ်မယ်။ ဥပဒေကိုဘယ်နေ့အပြီး ရေးဆွဲပြီးရင် ဘယ်နေ့မှာ လွှတ်တော်ခေါ်ပြီး အတည်ပြုလိုက်မယ်ဆိုတဲ့ အစီအစဉ် ရှိပြီးသားဖြစ်မှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဥပဒေတစ်ခုရေးဆွဲပြီး အတည်ပြုလိုက်တာကို အပြစ်မမြင်ပါဘူး။ ဒါကသူတို့ လုပ်ရမယ့် အရာ‌ပဲလေ။ ဒါပေမဲ့ အခုချိန်မှာ ဒါမျိုးလုပ်သင့် မသင့်ဆိုတာတော့ ချင့်ချိန်သင့်တယ်လို့ထင်တယ်။ အတူတူလက်တွဲပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့တော်လှန်ရေးအဖွဲ့တွေကို လေးစားမှုမရှိတဲ့လုပ်ရပ်လို့မြင်တယ်။ သူတို့မှာ ဒီလိုစိတ်မျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အခုသူတို့လုပ်လိုက်တာက အဲဒီလိုသဘောဖြစ်သွားစေတယ်။

DW ။ ဒီဥပဒေက ကြိုတင်စီမံချက်ဆွဲတဲ့ ဥပဒေသာဖြစ်တယ်။ အဲဒီအဆင့်မှာကို ကန့်ကွက်နေတာက မဖြစ်သင့်ဘူးဆိုတဲ့ အမြင်တွေလည်းရှိကြတယ်။ အဲဒီအပေါ်မှာရော ဘာမှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ ။ ကျွန်တော်အခုနကပြောသလိုပဲလေ။ လွှတ်တော်ကနေပြီး ဥပဒေကိုရေးဆွဲတာကို ပြောချင်တာ မဟုတ်ဘူး။ ဥပဒေ ရေးဆွဲနေတယ်ဆိုတာကိုတောင် ကိုယ့်အချင်းချင်းတွေကို အသိမပေးဘဲရေးဆွဲပြီးမှ ငါတို့မှာ ဒီဥပဒေရှိတယ် ဆိုပြီး ပြောတာကို အဓိက။ အဲဒါက တော်လှန်ရေးအင်အားစုတွေအပေါ်ရော ပြည်သူတွေအပေါ်မှာရော မလေးစားရာ ရောက်စေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ အတူတူ ရည်ရွယ်ချက်တူသူတွေကို စုစည်းဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။

DW ။ ဖြည့်စွက်ဆွေးနွေးချင်တာရှိရင် ပြောပေးပါ။

ဖြေ ။ ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်ဆိုရင် တစ်စုတစ်ဖွဲ့ကနေပြီး လွှမ်းမိုးချင်နေလို့မရဘူး။ အားလုံးအပေါ်မှာ လေးစားမှု ရှိရမယ်။ ငါကလွှတ်တော်ကိုယ်စားလှယ်မို့လို့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာထက် ငါဘာလုပ်သင့်တယ်ဆိုတာကို အများနဲ့ တိုင်ပင်ပြီးလုပ်စေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“တော်လှန်ရေး၊ နိုင်ငံရေးအစုအဖွဲ့တွေ ပါဝင်ရေးဆွဲပြီး လူထုကို ပွင့်လင်းမြင်သာစွာချပြပြီးမှ အတည်ပြုလုပ်ဆောင်တာမျိုးပဲ လုပ်သင့်တာလို့ မြင်ပါတယ်”

ဦးမိုးသူအောင်

မြိတ်ခရိုင်နိုင်ငံရေးအင်အားစု ကိုယ်စားလှယ်

DW ။ CRTH က လတ်တလောအတည်ပြုလိုက်တဲ့ တနင်္သာရီကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ အဲဒီဥပဒေကို ဖတ်ရှုလေ့လာတာ မလုပ်ရသေးတဲ့အတွက် အကောင်းအဆိုး ပြောဖို့ခက်ပါတယ်။

နောက်တစ်ချက် ဒီလိုလုပ်ငန်းစဥ်တွေလုပ်တဲ့အခါ လက်ရှိတော်လှန်ရေး၊ နိုင်ငံရေးအစုအဖွဲ့တွေ ပါဝင်ရေးဆွဲပြီး လူထုကို ပွင့်လင်းမြင်သာစွာ ချပြပြီးမှ အတည်ပြုလုပ်ဆောင်တာမျိုးပဲ လုပ်သင့်တာလို့မြင်ပါတယ်။

DW ။ တနင်္သာရီနိုင်ငံရေးဦးဆောင်မှုက ဘယ်လိုပုံဖော်ဖို့ ရှိပါသလဲ။ တနင်္သာရီဖယ်ဒရယ် ယူနစ်ကိုတည်ဆောက်မှာလား ဒါမှမဟုတ် သီးခြားပြည်နယ် တည်ထောင်တာမျိုးလား။

ဖြေ ။ ဒီနေရာမှာပြောဖို့ရှိတာက လက်ရှိကျွန်တော်တို့ လုပ်ဆောင်နေတဲ့ သွားနေတဲ့လမ်းကြောင်းပေါ့လေ။ တနင်္သာရီတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖော်ဆောင်မယ်ဆိုတဲ့ ဒီလိုရည်မှန်းချက်နဲ့ သွားနေကြတာပေါ့လေ။ အဲဒီလိုသွားတဲ့အခါမှာ တနင်္သာရီတိုင်းထဲမှာ ရှိနေတဲ့ နိုင်ငံရေးအင်အားစု အသီးသီးပေါ့။ ဒါတွေကိုအရင်ဆုံးစုဖွဲ့ နိုင်အောင်လို့ ကြိုးစားနေကြတဲ့ အနေအထားမှာရှိတယ်။

အဲဒီလိုကြိုးစားနေတဲ့ အနေအထားမှာ ကျွန်တော်တို့သည် အောက်ခြေအဆင့်ကနေ စပြီးတော့ စုစည်းတဲ့ အနေအထားမျိုး ရှိတယ်ပေါ့လေ။ မြို့နယ်အဆင့်ကနေပြီး ကိုယ့်မြို့နယ်ထဲမှာရှိတဲ့ နိုင်ငံရေးအရ တော်လှန်ရေးအရဆောင်ရွက် နေကြတဲ့ အစုအဖွဲ့တွေ၊ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကိုတော့ ဒါတွေကို အရင်ဆုံး ကျွန်တော်တို့က စုစည်းတယ်။ စုစည်းပြီးတဲ့ အခါကျမှ ခရိုင်အဆင့်ကို ကျွန်တော်တို့ စုစည်းတယ်။ ဒီလိုအဆင့်ဆင့်စုစည်းမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ပြီးတဲ့အခါကျမှ တစ်တိုင်းလုံးအနေနဲ့ပေါ့လေ။ တစ်တိုင်းလုံးစုစည်းနိုင်ဖို့ လုပ်ဆောင်သွားဖို့ဖြစ်တယ်။ အခုလက်ရှိ အနေအထားမှာတော့ ခရိုင်အဆင့်စုဖွဲ့မှုတွေကို ကျွန်တော်တို့လုပ်ဆောင်နိုင်ပြီးပြီ။ လုပ်ဆောင်နိုင်ပြီးပြီဆိုတော့ တိုင်းအဆင့်စုဖွဲ့မှုကို သွားနေကြတာပေါ့လေ။ ဆိုတော့ မြို့နယ်၊ ခရိုင်အလိုက် စုဖွဲ့မှုတွေမှာ မပါဝင်နိုင်သေးသော အစုအဖွဲ့တွေ၊ အင်အားစုတွေ ရှိတယ်ပေါ့လေ။ ဒါတွေကိုလည်း ထပ်မံပြီးတော့ကျွန်တော်တို့အားလုံး ပါဝင်လာပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တစ်စုတစည်းတည်းဖြစ်နိုင်ဖို့အတွက် ကြိုးစားပြီးတော့လုပ်ဆောင်နေတဲ့ အနေအထားမှာ ရှိတယ်ပေါ့လေ။

နောက်တစ်ခုက ကျွန်တော်တို့က ဖက်ဒရယ်စနစ်တစ်ခုကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်နေကြတာဖြစ်တယ်။ သီးခြားပြည်နယ်တစ်ခု တည်ဆောက်ဖို့လားဆိုတာကတော့ ကျွန်တော်တို့ရဲ့ မူလရည်မှန်းချက် ရည်ရွယ်ချက်မှာ အဲဒါ မရှိပါဘူး။ ကျွန်တော်တို့က တနင်္သာရီတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်အောင် တည်ဆောက်မယ်။ ပြီးတဲ့အခါကျတော့မှ ပြည်ထောင်စုမှာပူးပေါင်းပြီးမှ ပြည်ထောင်စုကို အတူတကွ ပူးပေါင်းပြီးမှ သွားကြရမှာပေါ့လေ။

DW ။ အခု တော်လှန်ရေးဦး‌ဆောင်သူတွေကိုယ်တိုင်က တနင်္သာရီယူနစ်တစ်ခုဖြစ်လာဖို့ဆိုပြီး ပြောနေကြပေမယ့် အကောင်အထည် မပေါ်လာသေးတာ ဘာကြောင့်လဲ ခင်ဗျ။

ဖြေ ။ ဒါကတော့ ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ဆိုလို့ရှိရင် ၂၀၂၂ ခုနှစ် မတ်၊ ဧပြီလကတည်းက ဘိတ် (မြိတ်) ခရိုင်အနေနဲ့ စတင်ပြီးတော့ နိုင်ငံရေးအစုအဖွဲ့တွေကို စုဖွဲ့ဖို့စတင်ပြီး လုပ်ဆောင်ခဲ့ကြတယ်ပေါ့လေ။ ဒီလိုအနေအထားမျိုးမှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်လုပ်ဆောင်ကြရတယ်။ အဲဒီလိုလုပ်ဆောင်ကြတဲ့အနေအထားမှာ နိုင်ငံရေးအရ အစုအဖွဲ့ အသီးသီးပါဝင်လာတဲ့အဆင့်ကို လုပ်ဆောင်ဖို့ အဆင့်ဆင့်ဆွေးနွေးရတယ် ညှိနှိုင်းမှုကို အကြိမ်ရေ အများကြီး လုပ်ဆောင်ရတယ်။ အဖွဲ့တွေရဲ့အမြင်တွေ သဘောထားတွေ ဘုံသဘောတူညီချက်တွေရဖို့ အများကြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြရတဲ့ အနေအထားမျိုးတွေရှိတာပေါ့လေ။

အဲဒီလိုရှိတဲ့အခါကျတော့ ကျွန်တော်တို့က အခုဆိုလို့ရှိရင် တနင်္သာရီတိုင်းမှာရှိတဲ့ ခရိုင်သုံးခရိုင်ပေါ့။ ခရိုင်အလိုက် ခရိုင်အလိုက်ကို စုဖွဲ့မှုတွေပေါ်ပေါက်လာပြီ။ ခရိုင်အလိုက်ပေါ်ပေါက်လာရာကနေပြီး တိုင်းအဆင့်စုဖွဲ့နိုင်ဖို့ ကြိုးစားကြတဲ့အခါမှာ ခရိုင်အလိုက်မှာလည်း သူ့ဟာနဲ့ သူ့မူဝါဒတွေ လုပ်ငန်းစဥ်တွေ ရှိကြတာပေါ့လေ။ ဆိုတော့ ဒါတွေကိုကျွန်တော်တို့က ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ ရဖို့အတွက် စုစည်းရတာ တစ်ပိုင်းရှိတယ်။ အဲဒီကနေပြီးမှ ရှေ့ဆက်သွားနိုင်ဖို့အတွက် ဆွေးနွေးကြတဲ့အခါမှာ နိုင်ငံရေးအရ ဆွေးနွေးကြတဲ့နေရာမှာ တချို့ဟာတွေသည် ကျွန်တော်တို့ရဲ့ ကိုယ်စီကိုယ်စီ ရပ်တည်ချက်တွေ ရှိကြတယ်။ အမြင်တွေရှိတယ်။ ကိုယ့်သဘောထားတွေ ရှိတယ်။ ကိုယ့်ရဲ့မူဝါဒတွေ ရှိတယ်ပေါ့လေ။ ဒါကမတူညီတဲ့ အပိုင်းတွေလည်း ရှိကြတယ်။ ရှိကြတဲ့အခါကျတော့ ဒါတွေကိုကျွန်တော်တို့ ပြောဆိုဆွေးနွေး ကြတဲ့အခါမှာ တချို့ဟာတွေသည် သဘောထားကွဲလွဲတဲ့အပိုင်းတွေလည်းရှိကြတယ်။ သို့သော်လည်းပဲ ဒါတွေကို အတတ်နိုင်ဆုံး အတူတကွ သွားနိုင်ဖို့ကို ဘုံသဘောတူညီမှုရဖို့အတွက်ကို ကြိုးစားပြီး လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိတာပေါ့လေ။

ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ အချိန်ယူရတဲ့အနေအထားမျိုးတွေရှိပါတယ်။ ဆွေးနွေးပွဲတွေလည်း အများကြီးလုပ်ဆောင်ရတယ်။ ဒါကြောင့်မို့ အကောင်အထည် မပေါ်သေးဘူးလားဆိုတော့ တချို့ဟာတွေသည် အကောင်အထည်ပေါ်သင့်သလောက် ပေါ်လာနေပါပြီ။ ငါးဆယ်ရာခိုင်နှုန်းကျော်ကျော်အထိ အကောင်အထည် ပေါ်လာနေပြီလို့ ပြောလို့ရပါတယ်။ ကျန်တဲ့ အနေအထားတွေမှာတော့ ကျွန်တော်တို့ကြိုးစားပြီး ဆောင်ရွက်နေတယ်။

အကောင်အထည်ပေါ်လာဖို့ လုပ်ဆောင်နေသလို အကောင်အထည် ပေါ်လာမယ်ဆိုတဲ့ဟာကိုလည်း ယုံကြည်ပါတယ်။ ကျန်တဲ့အင်အားစုတွေ အစုအဖွဲ့တွေနဲ့ သေသေချာချာ ဆွေးနွေးပြီးတဲ့အခါကျလို့ရှိရင် တနင်္သာရီရဲ့ ဖက်ဒရယ်ယူနစ်အနေနဲ့ အကောင်အထည်ပေါ်လာဖို့အတွက်ကို ကြိုးစားသွားကြမယ့်အနေအထား ဖြစ်တယ်ပေါ့လေ။

DW ။ တနင်္သာရီတိုင်းမှာ လူမျိုးစုအပေါ် အခြေခံစဉ်းစားတဲ့အတွက် ပေါင်းလို့မရတဲ့သဘောရှိနေလား။ အဲဒီလိုမျိုး လူမျိုးစုတစ်ခုစီ သဘောထား မတိုက်ဆိုင်တဲ့ အခြေအနေမျိုးမှာ ရှိရင် ဘယ်လိုနည်းလမ်းနဲ့ ပူးပေါင်းလုပ်ဆောင်လို့ ရမလဲ။

ဖြေ ။ အခုလက်ရှိသွားနေတဲ့ ပုံစံကတော့ ပုံဖော်နေတဲ့ဟာကတော့ ဖက်ဒရယ်ယူနစ်တစ်ခုကို ပုံဖော်မယ် တနင်္သာရီတိုင်းကို ပုံဖော်မယ်။ ဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ပေါက်လာဖို့ ကြိုးစားကြတဲ့အခါမှာ

လူမျိုးစုကို အခြေခံပြီးတော့ စဥ်းစားချက် ကျွန်တော်တို့မှာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တနင်္သာရီတိုင်းသည် တခြားသော ပြည်နယ်ဒေသတွေလို မတူညီတဲ့အချက်တွေ ရှိတယ်။ အဲဒီတော့ လူမျိုးပေါင်းစုံ တကယ်တမ်းပြောရရင် လူမျိုးစုတွေအများကြီး နေထိုင်တဲ့ဒေသတစ်ခုဖြစ်တယ်။ ဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူမျိုးစုကိုအခြေခံပြီးတော့ စဥ်းစားပြီးတော့ ပုံသဏ္ဍန်ဖော်တဲ့ အနေအထားမျိုးက အဆင်မပြေဘူးပေါ့လေ။

ဒါကြောင့်မို့လို့ ဒေသကိုအခြေခံပြီးတော့ စဥ်းစားပြီးတော့ ပုံဖော်ပြီးတော့ တနင်္သာရီအတွက် ဒီလိုမျိုးက အားလုံး အတူတကွ နေထိုင်ပြီးတော့ သွားလို့ရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က တနင်္သာရီဖက်ဒရယ် ယူနစ်တစ်ခုအဖြစ် စဥ်းစားတဲ့အခါမှာ လူမျိုးကိုအခြေခံပြီး စဥ်းစားတာမဟုတ်ဘဲနဲ့ ဒေသကိုအခြေခံပြီး စဥ်းစားတာက ကျွန်တော်တို့အတွက် အကောင်းဆုံးအဖြေတစ်ခုဖြစ်တယ်လို့ပဲ မြင်တာပေါ့နော်။

DW ။ တခြားဖြည့်စွက် ပြောချင်တာရှိရင်လည်း ဖြည့်စွက်ပြောပေးပါခင်ဗျ။

ဖြေ ။ နောက်ထပ်ဖြည့်စွက်ပြီးပြောချင်တာကတော့ တနင်္သာရီတိုင်းသည် လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ ဒေသတစ်ခု ဖြစ်တယ်။ လက်ရှိတော်လှန်ရေး အခင်းအကျင်းတစ်ခုအရလည်း ကျွန်တော်တို့သည် ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခုကို သွားကြမယ် ဆိုတာဟာလည်း ကျွန်တော်တို့အားလုံး လက်ခံယုံကြည်ထားကြတယ်။ ဆိုတော့ဒီလိုအခြေအနေမျိုးမှာ တနင်္သာရီတိုင်းအနေနဲ့လည်း ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ ကျွန်တော်တို့ရဲ့ တန်းတူညီမျှမှုတွေ ကျွန်တော်တို့ ဒေသကို ကျွန်တော်တို့ကိုယ်တိုင် စီမံခန့်ခွဲပြီးတော့ ကိုယ်တိုင်အုပ်ချုပ်နိုင်တဲ့ ဒီလိုအခင်းအကျင်းမျိုး တစ်ခုဖြစ်ဖို့ ရရှိဖို့ဆိုတဲ့ဟာက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကတော့ ဒီအတိုင်းပဲရှိပါတယ်။

ဆိုတော့ တနင်္သာရီဒေသသည် တနင်္သာရီဒေသမှာရှိနေတဲ့ ပြည်သူတွေရဲ့သဘောဆန္ဒနဲ့အညီ တည်ဆောက် သွားနိုင်ကြဖို့ဆိုတဲ့ဟာက ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဖြစ်တယ်။ ရည်ရွယ်ချက်တွေဖြစ်တယ်။

တနင်္သာရီဒေသမှာ ရှိနေတဲ့ ပြည်သူတွေရဲ့အသံတွေ ပြည်သူတွေရဲ့ဆန္ဒတွေသဘောထားတွေအရ ဒါတွေကို အကောင်အထည်ဖော်ပြီးတော့ လုပ်ဆောင်သွားဖို့အတွက် ရှေးရှုပြီးသွားကြမယ်ဖြစ်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

တော်လှန်ရေး အင်အားစုတွေအကြားက ပွတ်တိုက်မှုတွေ (၁) >>>