မြိတ်တွင် စပါးဈေး ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်

0
668

မြိတ်ဒေသက ထွက်ရှိသည့် စပါးဈေးနှုန်းသည် ယမန်နှစ်ထက် နှစ်ဆနီးပါးအထိမြင့်တက်လာကြောင်း စပါးစိုက်တောင်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စပါးတစ်တင်းလျှင် ၁၂၀၀၀ ကျပ်ရှိခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ၁၇၅၀၀ မှ ၂၀၀၀၀ ကျပ်အထိ ရှိလာကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဒီနှစ်က မိုးလေလည်းမှန်တာဆိုတော့ မနှစ်ကထက် စပါးနည်းနည်းပိုရကြတယ်။ စပါးဈေးကလည်း ပိုရတာပေါ့” ဟု ကျွန်းစုမြို့နယ် သဇင်ကျေးရွာမှ လယ်ခုနစ်ဧက ပိုင်ဆိုင်သည့် ‌တောင်သူတစ်ဦးက ပြောသည်။

စပါးဈေးမြင့်တက်လာသော်လည်း အခြားတစ်ဖက်တွင် စိုက်ပျိုးရေးသွင်းအားစုများအပြင် အထွေထွေစရိတ်စကများ မြင့်တက်လာခြင်းကြောင့် အကျိုးအမြတ် နည်းကြောင်း စပါးစိုက်တောင်သူအချို့က ဆိုသည်။

“ဈေးတက်ပေမယ့် သိပ်မကျန်ဘူးပေါ့။ ကိုယ်စိုက်ထားတဲ့ ငွေရင်းနဲ့ စားဖို့အတွက် စပါးကျန်တာပေါ့” မြိတ်မြို့နယ် တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

စပါးစိုက်ပျိုးရန် ကုန်ကျထားသည့် အလုပ်သမားခ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ စပါးရိတ်သိမ်းခ စသည့် စရိတ်စကများ ပြန်လည်ရရှိပြီး တစ်နှစ်စာအတွက် စားသုံးမည့် စပါးသာ ကျန်ရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က အလုပ်သမားခအဖြစ် အမျိုးသားတစ်ဦးလျှင် တစ်သောင်းကျပ်၊ အမျိုးသမီးတစ်ဦးလျှင် ရှစ်ထောင်ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် အမျိုးသားတစ်ဦးလျှင် တစ်သောင်းငါးထောင်ကျပ်၊ အမျိုးသမီးတစ်ဦးလျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ပေးနေရကြောင်း မြိတ်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူအချို့က ပြောပြသည်။

ထို့အပြင် ဓာတ်မြေဩဇာတစ်အိတ်လျှင် ယခင်နှစ်က တစ်သိန်းတစ်သောင်းကျပ်မှ ယခုနှစ်တွင် တစ်သိန်းလေးသောင်းကျပ်အထိ မြင့်တက်လာကြောင်း တောင်သူတို့က ဆိုသည်။

“စရိတ်‌တွေတိုးလာတယ်။ စပါးဈေးကလည်း ပိုလာတာဆိုတော့ လယ်သမားက‌ စပါးကို လုံလုံလောက်လောက် စားပြီးတော့ ပိုလျှံတာတွေက လုပ်ခအား နည်းနည်းပါးပါးရတဲ့သဘောပါ” ဟု မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုတွင်းရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

မြိတ်ဒေသတွင် တစ်နှစ်ထက်တစ်နှစ် စပါးစိုက်သူနည်းလာပြီး စပါးအထွက်နည်းလာသဖြင့် စပါးဈေးမြင့်တက်လာခြင်း ဖြစ်ကြောင်း တောင်သူနှင့် စပါးအဝယ်ဒိုင်အချို့တို့မှ သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ တောင်ရှည်၊ ပသောင်း၊ ကျောက်ဖျာ၊ သစ်ယာဝနှင့် ကျွန်းစုမြို့နယ် မောင်းလှော်၊ သဇင်၊ ကျွဲခရံ၊ ဝါရစ် စသည့်ကျေးရွာအုပ်စုတို့တွင် စပါးစိုက်ပျိုးလေ့ရှိကြသည်။

စိုက်ပျိုးကြသည့် စပါးများအနက် ဆန်ကြမ်း (ငစိန်အုပ်စုတွင်းရှိ ဆန်အမျိုးအစား) အများဆုံး စိုက်ပျိုးလေ့ရှိပြီး ဆန်ချော (ကမာကြည်အမျိုးအစား) စိုက်ပျိုးသူလည်း ရှိကြကြောင်း သိရသည်။

လယ်တစ်ဧကလျှင် ပျမ်းမျှ စပါးတင်းရေ ငါးဆယ်နှင့် အများဆုံး တင်းခြောက်ဆယ်အထိ ထွက်ရှိလေ့ရှိကြောင်း တောင်သူအချို့မှ သိရသည်။