အန္တရာယ်များလှသည့် ခွေးရူးပြန်ရောဂါ

0
1515

တနင်္သာရီတိုင်းတွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရသူများ နှစ်စဉ်နှစ်တိုင်းရှိနေသည်။ ဆေးပညာ အဆင့်မြင့်လာသည့် ခေတ်ကာလဖြစ်သော်လည်း သေဆုံးမှုက ရှိနေဆဲဖြစ်သည်။

ခွေးကိုက်ခံရပါက ခုံဖိနပ်ဖြင့်ရိုက်ပြီး ကုသခြင်း၊ ဆန် ကိုဝါးချေပြီး အုံပေးခြင်း၊ မန်းမှုတ်ကုသပေးခြင်း အစရှိသည့် ဒေသဓလေ့များကလည်း အမြစ်တွယ်နေဆဲဖြစ်သည်။

ထိုသို့ ဒေသဓလေ့များဖြင့် ကုသခြင်းက ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်သည်ဟု ယူဆသူများလည်း ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ခွေးကိုက်ခံရပါက မည်သို့ပြုစုကုသရမည်နည်း။ ဓလေ့ကုထုံးများက ခွေးရူးမပြန်အောင် ကာကွယ်ပေးနိုင်မည်လော၊ ကာကွယ်ဆေးထိုးရန် အဆင်မပြေသည့် နေရာမျိုးတွင် မည်သို့ လုပ်ဆောင်မည်နည်း။ ကာကွယ်ဆေး မကြာခဏထိုးလျှင် အန္တရာယ်ရှိသလော အစရှိသည့် အရေးကြီးအကြောင်းအရာများကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးအား မေးမြန်းပြီး ကောက်နုတ်ဖော်ပြလိုက်ပါသည်။

DW – ခွေးကိုက်ခံရရင် ဘယ်လောက်အထိ အန္တရာယ်များလဲ။ အကိုက်ခံရပြီးရင်ရော ဘာဆက်လုပ်ရမလဲခင်ဗျား။

Dr – ခွေးရူးဆိုတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာခင်ဗျား။ ခွေးရဲ့သွားရည်ထဲမှာ ပါတာပေါ့နော်။ ခွေးရဲ့ သွားရည်ထဲမှာ ပါသလို နို့တိုက်သတ္တဝါတွေ သွားရည်ထဲမှာပါတာ။ တစ်ခါတလေကျရင် လင်းဆွဲတွေမှာလည်း ရှိတယ်ပေါ့နော်။ သူတို့ပါးစပ်ထဲမှာ နေနေရင်တော့ ခွေးတွေက ခံနိုင်တယ်ပေါ့နော်။ တစ်ခါတလေ မခံနိုင်တော့မှသာ ဦးနှောက်ထဲ ရောက်သွားလို့ ခွေးရူးတယ်ဆိုတာ ပေါ်တာပေါ့လေ။

ဒါပေမဲ့ ခွေးကမရူးဘူး။ ကောင်းနေတယ်။ ကိုက်လိုက်တယ်။ သူ့ပါးစပ်ထဲမှာ ခွေးရူးပိုးက ရှိနေတယ်ပေါ့နော်။ သွားရည် ကိုယ့်ထဲဝင်သွားတယ် အဲဒီအချိန်ထိလည်း စောင့်ကြည့်တယ်။ ၂၁ ရက်လားမသိဘူး စောင့်ကြည့်ခိုင်းတယ်ပေါ့နော် ခွေးကိုလေ။ အဲဒီတော့အရင်တုန်းကတော့ ချက်ပတ်လည် ၁၄ လုံးပဲ ကာကွယ်ဆေးရှိတာဖြစ်တဲ့အတွက် ဒီကာကွယ်ဆေးထိုးဖို့အတွက် ကလည်း အခက်အခဲတွေ အများကြီးရှိတာဖြစ်တဲ့အတွက် ခွေးကိုစောင့်ကြည့်တာပေါ့။ ခွေးမရူးရင် ကာကွယ်ဆေးမထိုးဘူးပေါ့။ အဲဒီခေတ်တွေ ရှိခဲ့ဖူးတယ်ပေါ့။ နောက်ပိုင်း နည်းပညာမြင့်လာတဲ့ အချိန်မှာကျတော့ ခွေးကို ၂၁ ရက်တို့ ဘာတို့ စောင့်မကြည့်တော့ဘူး။ ခွေးက ခွေးရူးပြန် ကာကွယ်ဆေး ထိုးထားလား မထိုးထားဘူးလား မသေချာရင် လူကိုခွေးရူးပြန် ကာကွယ်ဆေးထိုးလိုက်။

ချက်ပတ်လည် ၁၄ လုံးထိုးတုန်းကတော့ အနာဖြစ်တာတို့ ဆေးအာနိသင်အရမ်းနည်းတာဖြစ်တဲ့အတွက် ခွေးရူးပြန်ကိစ္စတွေလည်း ရှိတာဖြစ်တဲ့အတွက် ကိုက်တဲ့ခွေးကို စောင့်ကြည့်။ ဒါမှမဟုတ်ရင် သတ်လိုက်။ သတ်ပြီးခေါင်းကိုဖြတ် ဦးနှောက်ယူပြီး အင်းစိန်မှာရှိတဲ့ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနကိုပို့။ ဦးနှောက်ထဲမှာ ခွေးရူးပြန်ပိုးတွေ့လားပေါ့နော် စစ်။ စစ်ပြီးလို့ မတွေ့ဘူးဆိုရင် မထိုးနဲ့ ။ အဲဒီလိုမျိုးက အရင်တုန်းကပေါ့နော်။

အခုတော့ အိမ်မွေးခွေးပဲကိုက်ကိုက် ထိုး။ ဘာခွေးကိုက်ကိုက်ထိုး။ ခွေးရူးပြန်သွားပြီဆိုရင် ကုလို့မရတော့ဘူး။ သေမှာသေချာတယ်။ (ခွေးရူး) မပြန်ခင် ကာကွယ်။ ကာကွယ်တဲ့နေရာမှာလည်း ကိုက်ပြီးတာနဲ့ ဖြစ်ဖြစ်ချင်းထိုးရင် အကောင်းဆုံး။ အိမ်မွေးခွေးပဲ ကိုက်ကိုက်၊ လမ်းဘေးခွေးပဲကိုက်ကိုက် ကာကွယ်ဆေးထိုးရင်အကောင်းဆုံး။ (ခွေးရူးပြန်ကာကွယ်ဆေး) ထိုး ထားတဲ့ခွေးပဲ ကိုက်ကိုက် ကိုက်ပြီဆိုတာနဲ့ ထိုးပါ။

နောက်ပိုင်းကျတော့ ခွေးရူးပြန်ကာကွယ်ဆေးက သုံးကြိမ်ပဲထိုးရတယ်။ ကိုက်တာများရင် ပထမအကြိမ်မှာ Dose နှစ်ဆ ထိုးပေါ့နော်။ ပြီးတော့ ဒုတိယအကြိမ် တတိယအကြိမ်ထိုးပေါ့နော်။ တစ်ခါတလေ စတုတ္ထအကြိမ်အထိ ထိုးခိုင်းတယ်ပေါ့။ ခွေးကရူးနေတာ သေချာနေတယ်ဆိုရင်လည်း အနာပတ်လည်ကို ခွေးရူးပြန်ကာကွယ်ဆေးထိုးရတဲ့ တစ်နည်းရှိတာပေါ့နော်။

ခွေးပဲဖြစ်ဖြစ် ခွေးရူးပြန်ရောဂါဖြစ်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်။ သူ့ရဲ့သွားရည်ကနေ ဒါမှမဟုတ်ရင် ကိုယ်ခန္ဓာက ထွက်တဲ့ အရည်ကနေ ကူးတယ်ပေါ့။ အဲဒီတော့ ခွေးကိုက်တာပဲဖြစ်ဖြစ် လင်းနို့ကိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ခွေးရူးပြန်တဲ့သူကို ပြုစုတဲ့သူပဲဖြစ်ဖြစ်ပေါ့နော် ကာကွယ်ဆေးထိုးရတယ်။ သူက ဖြစ်ပြီးလို့ လက္ခဏာပြမှ ကာကွယ်ဆေးထိုးရင် မမီဘူး အသက်မရှင်နိုင်ဘူး။ ဖြစ်ပြီလို့လက္ခဏာပြရင် ကုတဲ့ဆေးရှိတယ်။ အရင်ခေတ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကကို သိန်း ၉၀ လောက်ရှိတယ်။ အဲဒါလည်း လွယ်လွယ်ကူကူမရဘူး။ သူက အပူချိန်အရမ်းထိန်းပြီး လေယာဉ်နဲ့ ဘာတို့နဲ့သယ်ရတယ်။ သူကထိုးရင်တောင်မှ အသက်ရှင်မယ် မသေချာဘူး။ ကုလို့ရတယ်ဆိုတာ ကျွန်တော်တို့ဖတ်ဖူးတယ်ပေါ့နော်။ မမြင်ဖူးဘူး။

DW – ခွေးကိုက်ခံရတာနဲ့ ပတ်သက်ပြီး ရှေးရိုးစွဲအယူလို့ပြောရမယ့် ခွေးကိုက်ခံရရင် ခုံဖိနပ်နဲ့ ရိုက်ပြီးကုတာ။ ဆန်ကိုဝါးပြီး အုံတာတွေ အစသဖြင့် အများကြီးရှိတာပေါ့နော်ခင်ဗျား။ ဆိုတော့အဲဒါက ဘယ်လောက်အထိ အန္တရာယ်များလည်းပေါ့နော်ဆရာခင်ဗျား။

Dr – နှစ်ပိုင်းရှိတယ်။ အဲဒီမှာ (ဆန်) ကို ဝါးပြီးအုံတယ်ပေါ့။ အဲဒီလူက ဝါးလိုက်အုံလိုက် ဝါးလိုက်အုံလိုက်ဆိုရင် ခွေးကိုက်တဲ့နေရာမှာ ပိုးသာရှိမယ်ဆိုရင် အဲဒီဝါးပြီးအုံတဲ့သူက ခွေးရူးပြန်ကူးသွားနိုင်တယ်ပေါ့နော်။ သူက မမြင်နိုင်ဘူးလေ ဗိုင်းရပ်စ်ကိုး။

အဲဒါတွေကြောင့် ခွေးရူးမပြန်တာတော့ မဟုတ်ဘူး။ ကိုက်လိုက်တဲ့အချိန်မှာ သူက အရေပြား မပေါက်သွားဘူး။ အဲဒါမလုပ်ခင်မှာ ရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေးထားတယ်။ ဆပ်ပြာနဲ့ ရေနဲ့ ဆေးထားရင် ဗိုင်းရပ်စ်တွေက သေသွားတယ်။ ကိုက်လိုက်လို့ ပေါက်သွားပြီ ပြဲသွားပြီ။ အဲဒါကိုမှ ခုံဖိနပ်နဲ့ ရိုက်တယ်ဆိုရင်တော့ ပထမတစ်ချက် ကိုက်တဲ့ခွေးရဲ့ သွားရည်မှာ ခွေးရူးပြန်ပိုးပါရင် ဘာမှမထူးဘူး။ ဒုတိယတစ်ချက် ဘာကိုထပ်ကြုံရလဲဆိုတော့ မေးခိုင်ရောဂါပေါ့။ ကျွန်တော်တို့ မေးခိုင်ကာကွယ်ဆေးတွေ ထိုးကြတယ်။ အခုဆိုရင် မွေးကတည်းက ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့ ပုံမှန်အစီအစဉ်ထဲထည့်ပြီးတော့ မေးခိုင်ကာကွယ်ဆေးထည့်ထိုးပေးထားတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ပမာဏအများကြီးနဲ့ ရိုက်ထည့်ပြီဆိုရင်တော့ မေးခိုင်ရာဂါလည်းဖြစ်နိုင်တယ်။

အနာက မကျက်ဘူး၊ ရင်းလာမယ်၊ ပြည်တည်မယ်၊ ပြီးရင် အနာထဲပိုးဝင်တာပေါ့နော်။ ပြီးရင် သွေးအဆိပ်သင့်မယ်။ ဖျားမယ်။ ပြီးရင် မေးခိုင်ရောဂါလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခြင်းအားဖြင့် ခွေးရူးပြန်ရောဂါကို မကာကွယ်နိုင်ဘူး။ အကျိုးထက် အပြစ်တွေ ပိုရမယ်။

DW – ခွေးရူးပြန်ကာကွယ်ဆေးကို ချက်ချင်းထိုးဖို့ လက်လှမ်းမမီတဲ့နေရာ ရောက်နေတယ်ဆိုရင်ရော ဘယ်လိုလုပ်လို့ရမလဲခင်ဗျား။

Dr – ခွေးရူးပြန်ကာကွယ်ဆေးက ဘယ်အချိန်မဆိုထိုးရမယ်။ အဲဒီနေရာမှာ နှစ်ပိုင်းရှိတာပေါ့နော်။ (အကိုက်ခံရသည့် နေရာမှာ) အရေပြား မပေါက်ဘူးဆိုရင်တော့ ရေနဲ့စင်အောင်ဆေး။ မထိုးရင်တော့ ရတာပေါ့နော်။ စိတ်တော့ မချရဘူးပေါ့လေ။ စိမ့်ဝင်သွားနိုင်တာ ရှိတာကိုး။ ကိုက်တဲ့နေရာမှာ နေရာမှာနှစ်မျိုးရှိတာပေါ့နော်။ (အရေပြား) ပေါက်ရုံ သွေးထွက်ရုံပဲကိုက်တာလား။ ဒါမှမဟုတ် စုတ်ပြတ်သွားအောင်ကိုက်တာလားပေါ့နော်။ အဲဒီနှစ်ခုစလုံးကတော့ အကိုက်ခံရတာနဲ့ အနီးစပ်ဆုံးအချိန်မှာ ထိုးရမယ်ခင်ဗျား။ ကိုက်ထားတာကကြာပြီ။ လေး၊ ငါးလ ရှိပြီပေါ့နော်။ ဒီခွေးကလည်း မရူးဘူးကောင်းတယ်၊ ငါမထိုးတော့ဘူး။ အဲဒီလိုမဟုတ်ဘူး။ လေး၊ ငါးလ ရှိလည်း နှစ်ချီကြာပြီးတော့မှ ခွေးရူး (ရောဂါ) က ပြန်ပေါ်တတ်တယ်။ အဲဒီတော့ ထိုးကိုထိုးရမှာ။ လေး၊ ငါးလ ကြာမှ ထိုးဖြစ်မယ်ဆိုရင်လည်း ထိုးရမှာ။ Dose ကတော့ အပြည့်။ မပြည့်တဲ့အချိန်ကျရင် သူတို့က အပြည့်အဝ ကာကွယ်နိုင်စွမ်း မရှိဘူးပေါ့နော်။

အရမ်းကြီးအခက်အခဲရှိတယ်။ အရမ်း တောကြုံအုံကြားရောက်နေတယ်ဆိုရင်တော့ မြို့ပေါ်ရောက်တဲ့အချိန် ထိုးပေါ့နော်။ အရင်ခေတ်ကဆိုရင် ဆေးရုံတွေမှာ ခွေးရူးပြန်ကာကွယ်ဆေး အလကားထိုးပေးတယ်။ အခုတော့ မသိဘူးခင်ဗျား။

ဆေးထိုးဖို့ အဆင်မပြေသေးဘူးဆိုရင် ကိုက်တဲ့ဒဏ်ရာက နည်းနည်းများများ ရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေး။ ပြီးရင် မချုပ်ဘူး မအုပ်ဘူး လေသလပ်ခံရတယ်။ ချုပ်လို့ ရှိရင် ခွေးရူးပြန်ပိုးမဟုတ်ဘဲနဲ့ သွားအဆိပ်ကြောင့် အနာတွေက မကျက်ဘဲနဲ့ လေလုံသွားပြီးရင် အနာရင်းတာတို့ အနာရဲ့နုတ်ခမ်းသားတွေပုပ်တာတို့ အထဲကို အဆိပ်သင့်တာပေါ့နော်။ ကျွန်တော်တို့ကတော့ ခွေးကိုက်လို့ အရေပြားပေါက်ပေါက် မပေါက်ပေါက် ကိုက်တဲ့နေရာကို ရေနဲ့ ဆပ်ပြာနဲ့ စင်အောင်ဆေး။ ဆေးတဲ့လက်တွေကိုလည်း ရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေး။ ပြီးရင် ခွေးရူးကာကွယ်ဆေးထိုး၊ မေးခိုင်ကာကွယ်ဆေးထိုး။ (ခွေးကိုက်လို့ အရေပြား) မပေါက်တာနဲ့ ပေါက်တာဆိုရင် ပေါက်တာ ပိုအရေးကြီးတယ်။ ပေါက်တာနည်းတာနဲ့ ပေါက်တာများတာမှာ ပေါက်တာများတာက ပိုအရေးကြီးတယ်။

ခွေးကိုက်ဒဏ်ရာကို အဖွင့်ထားခိုင်းတာ။ အနာအရမ်းကြီးရင်တော့ ကိုယ့်ဟာကို မလုပ်တာကောင်းတယ်ခင်ဗျား။ ဥပမာ ကိုက်ရာမှာမှ နည်းနည်းသွေးစို့ရုံလောက်ဆိုရင် ရေနဲ့ဆပ်ပြာနဲ့စင်အောင်ဆေး အရက်ပျံထည့် ဗီတာဒိုင်းထည့်။ ပတ်တီးမစည်းနဲ့ ဒီအတိုင်းထား။ သူ့ဟာသူ အချိန်တန်ရင် ကျက်သွားလိမ့်မယ်။ အောက်ဆီဂျင်ရှိနေရင် အောက်ဆီဂျင် မလိုတဲ့ ဘက်တီးရီးယားတွေ မပေါက်ဘူး။ သွားထဲမှာရှိတဲ့ကောင်က အောက်ဆီဂျင် မရှိမှပေါက်တဲ့အကောင်။ အဲဒီတော့ အုပ်ထားရင် အောက်ဆီဂျင်နဲ့ထိဖို့ ရာခိုင်နှုန်း နည်းသွားတယ်။ နည်းသွားတာဖြစ်တဲ့အတွက် သူတို့ကြိုက်တဲ့ပတ်ဝန်းကျင်အခြေအနေဖြစ်သွားတာ ပေါ့နော်။

DW – ခွေးရူးပြန်ကာကွယ်ဆေးတွေကလည်း သူ့ရဲ့အမျိုးအစားအလိုက် သုံးကြိမ် လေးကြိမ် အစသဖြင့် ထိုးရတာပေါ့နော် ခင်ဗျား။ အဲဒါကရော ကာကွယ်ဆေးထိုးတဲ့အကြိမ်ရေမပြည့်ရင် ကာကွယ်နိုင်လားဆရာ။

Dr – သတ်မှတ်တဲ့ဆေးအမျိုးအစားအပေါ်မှာ မူတည်တယ်ပေါ့နော်။ ဒါပေမဲ့ အကြမ်းအားဖြင့်တော့ အကြိမ်ရေ မပြည့်ရင် လုံးဝမကာကွယ်နိုင်တာတော့ မဟုတ်ဘူး။ ကာကွယ်နိုင်စွမ်းလျော့တာပေါ့။ ဥပမာ အကြိမ်ရေအပြည့်ထိုးရင် ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ တွက်ထားပေမယ့် တစ်ကြိမ်ပဲထိုးတယ် ကာကွယ်နိုင်ချင်မှ ကာကွယ်နိုင်မယ် ။ ၂၀ ရာခိုင်နှုန်း ကာကွယ်နိုင်ရင်လည်း ကာကွယ်နိုင်မယ်။ (ခွေးရူးပြန်ရောဂါ) ဖြစ်ဖို့ရာခိုင်နှုန်း ပိုများလာတာ ပေါ့နော်။ လုံးဝမထိုးတဲ့သူထက်တော့ လျော့မှာပေါ့။ အကြိမ်ရေတော့ ပြည့်အောင်ထိုးစေချင်တယ်။ ရသလောက်ထိုးလို့တော့ ဘေးထွက်ဆိုးကျိုးတော့ မရှိဘူး။ ဆေးထိုးရမယ့်ရက်က ၇ ရက်နေ့မှာ မထိုးဖြစ်လို့ ၈ ရက်နေ့မှာထိုးလို့ရတယ်။ (ကာကွယ်ဆေးထိုးရက်) ရက်အတိုးအလျှော့ လုပ်လို့ရတယ်။

DW – ခွေးခဏ ခဏ အကိုက်ခံရရင် ကာကွယ်ဆေးကိုလည်း ခဏ ခဏထိုးရမှာလားခင်ဗျား။

Dr – ထိုးရမယ်ခင်ဗျား။ သူ့ရဲ့ (ကာကွယ်ဆေး) Doseအပြည့်ထိုးထားရင် ကာကွယ်နိုင်စွမ်း ၃ နှစ်လို့ ပြောတယ်ခင်ဗျား။ အချို့တွေက ၁၀ နှစ်လို့ ပြောတယ်။ ၃ နှစ်ကျော်သွားရင် ပြန်ထိုးရမယ်။

DW – ၃ နှစ်မပြည့်ခင် အကိုက်ခံရရင်ရော ထပ်ထိုးရမလားခင်ဗျား။

Dr – ၃ နှစ်ထဲမှာတော့ နှစ်ပိုင်းရှိတယ်ခင်ဗျား။ သူကခွေးဂေဟာလိုနေရာမျိုးမှာ လုပ်တယ်။ အဲဒါဆိုရင်တော့ သူ့ခွေးတွေကိုသူက အမြဲမပြတ်စောင့်ကြည့်နေတယ်။ သွားရည်တွေဘာတွေကတော့ ထိတွေ့နေတာရှိမယ်။ ထိုးထားပြီး ခွေးက ဟပ်ရုံလောက်ဆိုရင်တော့ ထိုးစရာမလိုဘူးပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ဥပမာ လမ်းသွားတယ်ဗျာ။ ခွေးကကိုက်တယ် အဲဒီမှာ အနာပတ်လည်တွေရော လက်မောင်းတွေမှာရော ထိုးလိုက်တယ်။ ဒီလိုထိုးပြီး ၄၊ ၅ ၊ ၆ လကြာလို့ တစ်ခါထပ်ကိုက်ရင် ထပ်ထိုးရမယ်။

သူတို့ (ကာကွယ်ဆေး) က ကိုယ်တွင်းကလီစာတွေ ပျက်စီးမယ်ဆိုတဲ့ အဓိပ္ပာယ်မှာလေ ပြန်ဖြေရှင်းရမယ်ဆိုရင် ကျွန်တော်တို့က ထိုးပေးလိုက်တာကလေ ကိုဗစ်ကာကွယ်ဆေးလိုပဲ။ ခွေးရူးပြန်ပိုးကို အာနိသင်လျော့ပြီးတော့ သူ့ရဲ့ကူးစက်နိုင်စွမ်းတို့ ပုံပြောင်းနိုင်စွမ်းတို့ လျှော့ထားတဲ့ (ဆေး) ကို သွေးထဲထည့်ပေးလိုက်တာပေါ့။ ကိုဗစ်ရော ခွေးရူးပြန်ရောက ဗိုင်းရပ်စ်ပဲလေ။ ခွေးရူးပြန်ပိုးကလည်း ပုံပြောင်းနိုင်တယ်ခင်ဗျား။ ပုံပြောင်းနိုင်တာဖြစ်တဲ့အတွက် (ကာကွယ်ဆေးသက်တမ်း) ၃ နှစ်ပဲ ပေးတယ်။ ပြီးရင် ပြန်ထိုးရတယ်။ ဒါတောင်မှ ကိုက်တဲ့ဟာက ဆိုးဆိုးဝါးဝါး ကိုက်တယ်ဆိုရင် ချက်ချင်းပြန်ထိုးခိုင်းတယ်။ မကိုက်အောင်နေတာကတော့ အကောင်းဆုံးပေါ့နော်။ ကိုက်မိတယ်ဆိုရင်တော့ ကိုက်တဲ့ကောင် (ဒဏ်ရာ) က ဆိုးတယ်ဆိုရင်တော့ ထိုးရမယ်။ နောက်တစ်ချက်က ကိုယ်ခန္ဓာထဲက ခုခံအားစနစ်ကိုပဲ လှုံ့ဆော်တာဖြစ်တဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေမပျက်စီးဘူး။ ကိုယ်ခံအားစနစ်ကို ထုတ်ဖို့အတွက်ဆိုရင် သွေးတွေက ထုတ်တာကိုး။ ရိုးတွင်းခြင်ဆီက ထုတ်တာကိုး။ ရိုးတွင်းခြင်ဆီတွေက ထုတ်တဲ့ အတွက် ဒီကောင်တွေက ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်။ သိပ်မထိခိုက်ဘူးပေါ့လေ။သွေးကင်ဆာလို လူမျိုးဆိုရင်တော့ ရှော့ရှိတာပေါ့။ ရိုးတွင်းခြင်ဆီက မထုတ်နိုင်တဲ့ရောဂါတွေရှိတယ်။ သာမန်လူတစ်ယောက်က ခဏခဏထိုးလို့ အသည်းပျက်မယ်တို့ ကျောက်ကပ်ပျက်မယ်တို့ အသားတွေပုပ်သွားမယ်တို့ နှလုံးပျက်တယ်တို့ မရှိဘူးခင်ဗျား။

သူက ဗိုင်းရပ်စ်ရဲ့အစိတ်အပိုင်းလေးတစ်ခုကို လူခန္ဓာထဲကို ထည့်လိုက်တာ။ထည့်လိုက်ရင် ကိုယ်ခန္ဓာက သွေးထဲမှာရှိတဲ့ သွေးဖြူဥတွေနဲ့ တုံ့ပြန်တဲ့အင်ဇိုင်းတွေပေါ့လေ။ အဲဒီကောင်တွေက ဒီဟာကို မှတ်ပြီးတော့ ဒီကောင်တွေရှိနေတယ်။ ငါတို့တိုက်ရမယ်ဆိုပြီး လိုက်တိုက်တာ။ အဲဒီလိုတိုက်ဖို့ မှတ်ဥာဏ်ကလည်း ၃ နှစ်လောက်ပဲ။ နောက်တစ်ခါကျရင် အဲဒီကောင်ကလည်း ပုံပြောင်းသွားတယ်။ မှတ်ဥာဏ်ထဲမှာမရှိတော့တဲ့ဟာဆိုရင် မတိုက်တော့ဘူး။

DW – အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာခင်ဗျား။