KLFB အွန်လိုင်းလောင်းကစား ငွေလိမ်ဂိမ်း

0
1217

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအေဂျင်စီအဖွဲ့ KLFB ဆိုတဲ့ အွန်လိုင်းလောင်းကစားဂိမ်း ကစားသူ သိန်းနဲ့ချီ ငွေကြေးလိမ်လည်ခံလိုက်ရပါတယ်။ အဲဒီထဲမှာ တနင်္သာရီတိုင်း မြိတ်မြို့ကလည်း ပါဝင်နေပါတယ်။

KLFB အွန်လိုင်းလောင်းကစားဂိမ်းမှာ ဝင်ဆော့ဖို့ အကောင့်ဖွင့်ပြီး ထည့်သွင်းထားရတဲ့ငွေတွေကို ပြန်ထုတ်မရတော့ဘဲ အလိမ်ခံလိုက်ရတာပါ။

Joom အက်ပလီကေးရှင်း အတုလို နိုင်ငံတကာရုပ်ရှင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုတဲ့ Exxon လူဆွယ် လိမ်လည်မှု တွေကြောင့် အလိမ်ခံခဲ့ကြရသလို အခုလည်း ပုံစံတူတဲ့ KLFB ဂိမ်းကြောင့် အလိမ်ခံလိုက်ရတယ်လို့ ဂိမ်းကစားသူတွေက ပြောပါတယ်။

KLFB ဆိုတာဘာလဲ

KLFB ဆိုတာ နေ့စဉ် ဘောလုံးပွဲလောင်းရပြီး အရှုံးမရှိတဲ့ပုံစံ ဖန်တီးထားတဲ့ ဂိမ်းပါ။

ဒီဂိမ်းကို ဆော့မယ်ဆိုရင် KLFB-VIP အက်ပလီဂေးရှင်းကို ဖုန်းမှာ ဒေါင်းလော့ လုပ်ရပြီး အကောင့်ဖွင့်ရပါတယ်။ ဂိမ်းကစားသူဟာ ငွေကျပ် တစ်သောင်း အနည်းဆုံးကနေ အများဆုံး အကန့်အသတ်မရှိ ထည့်ခွင့်ပြုထားပါတယ်။ ငွေသွင်း ငွေထုတ်တာကိုတော့ KBZ Pay အကောင့် အသုံးပြုပါတယ်။

ဂိမ်းကစားသူတွေဟာ KLFB က သတ်မှတ်ပေးထားတဲ့ နိုင်ငံတကာဘောလုံးပြိုင်ပွဲ တစ်ရက် သုံးပွဲ လောင်းရပါတယ်။ သတ်မှတ်ပေးထားသည့် ဂိုးရလဒ်တွင် ကလစ်ပေးလိုက်ရုံပါ။ ခန့်မှန်းတဲ့ ဂိုးရလဒ် မှန်မှန် မမှန်မှန် ငွေရပါတယ်။

ဘောလုံးပွဲ လောင်းလိုက်ရုံနဲ့ ကိုယ့်ထည့်ဝင်ငွေရဲ့ ၃ ဒသမ ၈ရာခိုင်နှုန်းကို အကောင့်ထဲ နေ့စဉ်ထည့်ပေးပါတယ်။ ဥပမာ တစ်သောင်းထည့်ထားသူဆိုရင် ၃၈၀ ကျပ်၊ တစ်သိန်းထည့်ထားသူဆိုရင် ၃၈၀၀ ကျပ် နေ့စဉ်ရနေတာပါ။

“တစ်လတည်းနဲ့ (ထည့်ဝင်ငွေရဲ့) နှစ်ဆကျော် ပြန်ရတာဆိုတော့ ဝင်ကစားကြပြီပေါ့” ဟု မြိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် KLFB ဂိမ်းကစားဖို့ အဖွဲ့ဝင်အသစ်တွေ စုဆောင်းပေးရင်လည်း ဆုကြေးငွေတဲ့စနစ်နဲ့ လူဆွယ်ဖို့ မက်လုံးပေး ဖန်တီးထားပါတယ်။ အဖွဲ့ဝင်သစ် အရေအတွက်နဲ့ အဖွဲ့ဝင်အသစ်တွေရဲ့ ငွေကြေး ထည်သွင်းမှုအပေါ်မူတည်ပြီး ဆုကြေးပေးတာပါ။

ဆင့်ပွားဈေးကွက်ဖြန့်ချီရေး (MLM -Multi-Level Marketing) စနစ်လိုပဲ လူသစ်စုစောင်းနိုင်လေလေ အကျိုးအမြတ်များစွာရရှိတဲ့ ပုံစံမျိုး လုပ်ဆောင်ထားတာပါ။

KLFB အွန်လိုင်းလောင်းကစားဂိမ်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကစားသူ ခြောက်သိန်းကျော်ရှိတယ်လို့ KLFB app မှာ ဖော်ပြပါတယ်။ သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ အဖွဲ့ဝင် ငါးသိန်းကျော်ရှိနေတာ တွေ့ရပါတယ်။

KLFB app ဟာ ၂၀၂၃ ခုနှစ် ဧပြီလဝန်းကျင်မှာ ပေါ်လာတာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးလဝန်းကျင်ကနေ လူသိများလာခဲ့ တယ်လို့ အဲဒီဂိမ်းကစားတဲ့ မြိတ်မြို့ခံအချို့က ပြောပါတယ်။

ဂိမ်းကစားသူ များတယ်

ဂိမ်းကစားတာ တစ်လလောက်ကြာရင် ကိုယ့်အကောင့်ထဲ ထည့်ဝင်ထားတဲ့ နှစ်ဆလောက် ရသွားတာရယ်၊ ငွေကို အစောပိုင်းကာလမှာ ထုတ်ခွင့်ပေးတာရယ်ကြောင့် စိတ်ဝင်စားသူများလာတယ်လို့ ဂိမ်းကစားသူတွေက ပြောပါတယ်။

“တစ်လတည်းနဲ့ ဆတိုးပြန်ရတာဆိုတော့ အချို့ကလည်း သိန်းဆယ်ဂဏန်း၊ ရာဂဏန်းအထိ ထည့်ကြတယ်။ အရင်းပြန်ထုတ်ပြီး အမြတ်ငွေနဲ့ ပြန်ကစားနေတဲ့သူတွေလည်း ရှိတယ်” ဟု မြိတ်မြို့ခံ ဂိမ်းကစားသူတစ်ဦးက ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်း၊ စီးပွားရေးသမား၊ အငှားဆိုင်ကယ်မောင်းသူ၊ ကျေးလက်ဒေသနေ ပြည်သူတွေ စတဲ့ လူတန်းစာ အလွှာစုံက ဒီဂိမ်းကို ကစားကြတာတွေ့ရတယ်လို့ ဂိမ်းကစားသူတွေက ပြောဆိုပါတယ်။

“ကျွန်းစုဘက်မှာဆိုရင် ဝန်ထမ်းတွေကအစ ကစားကြတာ။ MLM ဆိုတာလည်း မကြားဖူးဘူး။ တရားဝင် မဝင်လည်း မသိပါဘူး။ ဌာနဆိုင်ရာဝန်ထမ်းတွေပါ ကစားနေကြတာဆိုတော့ လိုက်ကစားကြည့်တာပါ” ဟု ကျွန်းစုမြို့နယ် သဇင်ရွာနေသူတစ်ဦးက ပြောပါတယ်။

အလိမ်ခံရပြီ

ဂိမ်းကစားသူတွေ ငွေအလိမ်ခံရပြီဆိုတာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်မှာ စတင်သိကြတာပါ။

အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး ဂိမ်းအကောင့်ထဲရှိ ငွေတွေကို ထုတ်ခွင့်မပေးတော့ပါဘူး။

အဖွဲ့ဝင် အသစ်ဝင်သူတွေနဲ့ လက်ရှိကစားနေသူတွေကို ပုံမှန်အတိုင်း ကစားခွင့်ပြုထားပေမယ့် ငွေထုတ်ခွင့် မပေးတော့ပါဘူး။

“ငွေထုတ်တာ မရတော့ဘူး၊ အသိနှစ်ယောက်မှာ သိန်းတစ်ထောင်ကျော်အထိပါသွားတာဆိုတော့ တစ်မြို့လုံးဆိုရင် ပိုများနိုင်တယ်” ဟု ငွေသိန်းနှစ်ဆယ် အလိမ်ခံရတဲ့ မြိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

KLBF က ငွေလိမ်သွားတဲ့အကြောင်း ခေတ်သစ်မီဒီယာက အောက်တိုဘာလ ၂၀ ရက်နေ့မှာ ရေးသားဖော်ပြထားတဲ့ “ငွေသိန်းသောင်းချီ လိမ်လည်သွားသော KLFB အမည်ရှိ Online Game Application တွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများ၊ အခြေခံလူတန်းစားနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရ” သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူ Shwe Phee Myay News Agency က အောက်တိုဘာလ ၂၀ ရက်နေ့က “KLFB ငွေလိမ်လုပ်ငန်းကြောင့် တအာင်းဒေသအတွင်း သိန်းထောင်နဲ့ချီ ဆုံးရှုံးနိုင်” ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည်နိုင်ပါတယ်။

ထပ်လိမ်ပြန်သေးတယ်

KLFB ရှိ အကောင့်တွေကို ပြန်လည်စိစစ်ပြီး ငွေထုတ်ပေးမယ်လို့ပြောပြီး ဂိမ်းအကောင့်ထဲမှာရှိတဲ့ ငွေပမာဏရဲ့ ၅ ရာခိုင်နှုန်းကို ငွေလွှဲပေးဖို့ KLFB ပြောလာတယ်လို့ ဂိမ်းကစားသူတို့က ဆိုပါတယ်။

ငွေ ၅ ရာခိုင်နှုန်းလွှဲပေးပြီးမှသာ အကောင့်ကို အတည်ပြုပြီး အကောင်ထဲက ငွေတွေကို ထုတ်ပေးမယ်လို့ ဆိုလာတာပါ။

ငွေ ထုတ်မရသူတွေရဲ့ အကောင့်ထဲမှာ ကျပ်သောင်းဂဏန်းကနေ သိန်းရာဂဏန်းအထိ ရှိနေကြတာလို့ ဂိမ်းကစားသူတွေက ပြောဆိုပါတယ်။

“လိမ်သွားတာတစ်ခုကို ထပ်ပြီးဆက်လိမ်နေတဲ့သဘောပဲ” ဟု ငွေသိန်းနှစ်ဆယ်အလိမ်ခံရသူ မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ငွေကျပ် ဆယ်သိန်းကျော် အလိမ်ခံလိုက်ရတဲ့ မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း “လွှဲတဲ့သူက လွှဲပေးကြတယ်။ ငွေ ပမာဏများတဲ့ သူတွေကတော့ မလွှဲပေးကြဘူး။ ငွေထုတ်မရဘူးဆိုနေမှ ထပ်လွှဲခိုင်းနေသေးတယ်” ဟု ပြောဆိုပါတယ်။

ဆင်တူပေါ်လာတဲ့ FCFB ဂိမ်း

KLFB က ငွေကြေးအမြောက်များ လိမ်လည်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ KLFB နဲ့ ဆင်တူတဲ့ FCFB ဆိုတဲ့ ဂိမ်းတစ်ခုပေါ်လာပါတယ်။

ငွေထုတ် ငွေသွင်းတာကအစ လူအသစ်ရှာပေးရတာ၊ နေ့စဉ်ပြန်ပေးတဲ့ ငွေပမာဏတို့ဟာ KLFB ထက် အကျိုးအမြတ် ပိုပေးထားပြီး ဂိမ်းကစားသူတို့ကို ဆွဲဆောင်ထားပါတယ်။

“ခံထားရပြီးပြီ။ လိမ်ပြေးသွားတာတောင် လတောင်မကူးသေးဘူး။ ပုံစံတူထပ်ထွက်လာတယ်။ ထပ်လိမ်ကြတာပေါ့” လို့ KLFB မှာ ငွေကျပ် ရှစ်သိန်းကျော် အလိမ်ခံရသူတစ်ဦးက ဆိုပါတယ်။

ဆင်တူယိုးမား လိမ်လည်မှုတွေ

KLFB လိုမျိုး လိမ်လည်မှုတွေ ရှေ့မှာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ လိမ်တဲ့ လုပ်ငန်း အမျိုးအစား မတူပေမယ့် လိမ်နည်းကတော့ အတူတူပါပဲ။

အသင်းဝင်ကြေး ထည့်ခိုင်းပြီး အသင်းဝင်ခိုင်းတာ၊ အသင်းဝင် ဖြစ်ရင် နေ့စဉ် ပိုက်ဆံပေးတာ၊ အသင်းဝင်အသစ် ထပ်ရှာပေးရင် ဆုကြေးပေးတဲ့ပုံစံမျိုး ဖန်တီးထားတာပါ။

အလားတူပဲ ၂၀၂၂ခုနှစ်အတွင်းက Joom အပ်ပလီကေးရှင်း ဆော့ဝဲလ် အတုနဲ့ ငွေကျပ် ထောင်သောင်းချီ လိမ်သွားတဲ့အကြောင်း သတင်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

KLFB-VIP မပေါ်မီ အလားတူတဲ့ CoinSpace, I Glob Ad, OmegaPro စတဲ့ အွန်လိုင်းပေါ်ကနေ ရှယ်ယာတွေ ရောင်းချတဲ့ ဆင့်ပွားစီးပွားရေးစနစ် MLM တွေလည်း ပေါ်ပေါက်ခဲ့ဖူးပါသေးတယ်။

“တစ်ခါကြုံဖူးပြီးပြီ။ အခုပေါ်နေတဲ့ KLFB ဆိုတာကလည်း လိမ်နည်းတစ်ခုပဲ။ ငွေသိန်းရာဂဏန်း ထောင်ဂဏန်းနဲ့ ဖြစ်လာရင် လိမ်ပြေးတာပဲ။ အွန်လိုင်းကဆိုတော့ တရားလည်းမဝင်ဘူး။ တရားမဝင်တော့ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ” ဟု မြိတ်မြို့နေ ကိုယ်တိုင် အလိမ်ခံရဖူးသူတစ်ဦးက ပြောပါတယ်။

သူဟာ CoinSpace, I Glob Ad တို့တွင် ငွေသိန်းခုနှစ်ဆယ်နှင့် OmegaPro တွင် ခြောက်သိန်းအထိ ဆုံးရှုံးဖူးတယ်လို့ ဆိုပါတယ်။

လိမ်လည်တာကို ဘယ်လိုသိနိုင်မလဲ

အလုပ်အကိုင်၊ ငွေရှာတဲ့ နည်းလမ်း၊ ငွေပြန်ပေးတဲ့ နည်းလမ်းတို့အပြင် လုပ်ငန်းတူ တခြားလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ပြီး လိမ်မယ်၊ မလိမ်ဘူးဆိုတာကို သိနိုင်တယ်လို့ ဆင့်ပွားဈေးကွက်ဖြန့်ချီရေး MLM လုပ်ငန်းအကြောင်း ဆန့်ကျင်ပညာပေးသူတစ်ဦးက ပြောပါတယ်။

“အွန်လိုင်းရှော့ဆိုရင် အခြားအွန်လိုင်းရှော့ထက် ပိုရောင်းရနေတာလား။ ငွေပိုဝင်တာလားပေါ့။ ဘောလုံး လောင်းကစားဆိုရင်လည်း အခြားဘောလုံး လောင်းကစားတွေထက် သိသိသာသာ အောင်မြင်နေလားပေါ့။ အဲဒါတွေကို ကြည့်ပြီး တကယ်အောင်မြင်နေတာ မဟုတ်ပဲနဲ့ ငွေအများကြီး ပြန်ပေးနေတာက ဒါက လိမ်နေတာ ဖြစ်တာ သေချာတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ။ ရှေ့လူရဲ့ (ရနေတဲ့) ငွေတွေကို နောက် (ဝင်လာသူ) လူတွေကို ပြန်ပေးတာ” လို့ သူက ထောက်ပြပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အက်ပလီကေးရှင်း၊ ဝက်ဘ်ဆိုက်တို့ရဲ့ သက်တမ်း၊ ရုံးခန်းလိပ်စာ၊ ဦးဆောင်သူတို့က ရာထူးအလိုက် ဖော်ပြထားတာ၊ ဦးဆောင်သူတွေက လူရှေ့ ထွက်ပြတာ ရှိ မရှိ စတာတွေကိုလည်း လေ့လာပြီး လိမ်မယ်၊ မလိမ်မယ်ကို သိနိုင်တယ်လို့ သူက ဆိုပါတယ်။

“ဒီအချက်တွေနဲ့ မကိုက်ညီရင် ရှောင်ပေါ့။ အဓိကက ကိုယ့်လောဘကို ထိန်းနိုင်ဖို့ပေါ့နော်။ အချို့ကလည်း ကိုယ့်ကိုယ်ကိုယ် လည်လှပြီထင်ပြီး ရှေ့ပိုင်းမှာ ယူထားလိုက်တယ်။ နောက်ကျမှ ခံရင်လည်း အရင်းကြေပြီးသားပေါ့ အဲဒီလို စဉ်းစားကြတာ။ ကိုယ့်အရင်းကြေအောင် ပြန်ပေးလိုက်တဲ့ ပိုက်ဆံတွေက အခြားနစ်နာသူတွေရဲ့ ပိုက်ဆံတွေလေ။ တကယ်တော့ မလုပ်သင့်ဘူးလို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ အစောကြီးကတည်းက လိမ်နေတဲ့ ပုံစံပေါက်နေရင် ရှောင်နေရင် ကောင်းပါတယ်” ဟု သူက ဆက်လက်ပြောဆိုပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေဲ့ မက်လုံးပေးဆွဲဆောင်ထားတဲ့ အလွယ်တကူ ငွေရနိုင်တယ်ဆိုတဲ့ လုပ်ငန်းတွေကို အလွယ်တကူ မယုံကြဖို့၊ သေချာမစိစစ်ဘဲ ငွေတွေ မလွှဲမိစေဖို့ အထူးဂရုပြုသင့်ပါတယ်။

လိမ်လည်တာတွေ၊ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ အယူအဆအမှားတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက်စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။