PDF တွေက ပြည်သူတွေကို စစ်သင်တန်းပေးနေတယ်ဆိုပြီး ကျေးရွာတွေကို တိုက်ခိုက်ဖို့ သတင်းအမှားဖြန့်လှုံ့ဆော်

0
421

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒေသခံပြည်သူတွေကို စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ရေးသားဖြန့်ဝေနေပါတယ်။

အဲဒီလို ဖြန့်ဝေနေတာကို Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာကို တွေ့ရပါတယ်။

ပြည်သူတွေကို ပစ်မှတ်ထားတဲ့လှုံ့ဆော်မှု

LLPDF က ဒေသခံပြည်သူတွေကို စစ်သင်တန်းပေးနေတယ်ဆိုတဲ့သတင်းကို ရေးသားဖြန့်ဝေနေတာက အမဲလိုက်မုဆိုးကြီးသတင်းအမှန် ဆိုတဲ့ အမည်နဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်ပါတယ်။

ဧပြီလ ၆ ရက်နေ့မှာ စတင်ဖြန့်ဝေတာဖြစ်ပြီး ဧပြီလ ၈ ရက်နေ့အထိ အဲဒီသတင်းအမှားပိုစ့်ကို ကြည့်ရှုသူ ၆၀၀၀ ကျော် ရှိပါတယ်။

မြို့သိမ်းတိုက်ပွဲအတွက် စစ်သင်တန်းပေးနေတယ်ဆိုပြီး ရွာနာမည်တွေနဲ့တကွ ဖြန့်ဝေထားတာပါ။ ဒါကြောင့် စစ်ကောင်စီတပ်က လက်ဦးမှုယူ ပစ်ခတ်ဖို့အတွက် တင်ပေးတာပါလို့လည်း လှုံ့ဆော်ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီလိုရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဓာတ်ပုံအမှန်၊ အချက်အလက်အမှား

သတင်းအမှားကို ဖြန့်ချီရာမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံတွေကို ထပ်ဆင့်ကူးယူပြီး ပုံမှားရိုက်ဖော်ပြတာမျိုးတွေ့ရပါတယ်။

တကယ်တော့ စစ်သင်တန်းပေးတာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကြုံလာရင် ပြည်သူတွေ ဘယ်လို နေထိုင်ရမယ်ဆိုတာကို လက်တွေ့သရုပ်ပြ အသိပညာပေးတာပဲ ဖြစ်တယ်လို့ ဒေသခံတွေ ပြောဆိုချက်နဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း သူတို့အနေနဲ့ ပြည်သူတွေကို စစ်သင်တန်း ပေးတာ မရှိတဲ့အကြောင်း Dawei Watch ကို အခုလိုပြောဆိုပါတယ်။

“စစ်ကောင်စီလော်ဘီတွေကတော့ စစ်သင်တန်းပေးနေတယ်ဆိုပြီး လောင်းလုံးကို ဖိအားဖြစ်စေတဲ့စာသားတွေ ရေးပြီး လှုံဆော်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကကျတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရာယ်တွေကို သရုပ်ပြပြီး သာမန်ပြည်သူတွေကို အသိပညာပေးနေတာ၊ စစ်သင်တန်းပေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူကို စစ်သင်တန်း ပေးတယ်ဆိုတာလည်းမရှိဘူး။ တကယ်ကတော့ ‌လောင်းလုံးမှာရှိတဲ့ PDF တွေကို၊ လောင်းလုံးကျွန်းဆွယ်ကို အင်အားနဲ့ ဖိလာအောင်ဆိုပြီး လော်ဘီတွေက ဖိအားပေးတာပေါ့၊ လှုံဆော်ပြီးရေးနေတာပေါ့။ စစ်ကောင်စီအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်လာရင် လက်နက်ကြီးတွေနဲ့ ပြည်သူတွေရှိရာဘက်ကို ပစ်ခတ်လာရင် ပြည်သူတွေအန္တရာယ် ကင်း‌အောင် ဘယ်လို နေရမယ်ဆိုတာတွေကို သိအောင်လိုက်လုပ်ပေးတာပဲရှိတာ။ ဒေသခံတွေက အဲဒါနဲ့ပတ်သတ်ပြီး အတွေ့အကြုံ မရှိကြဘူး လေ”

ဒေသခံတွေကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ဆောင်ရ၊ ရှောင်ရမယ့်အချက် တွေကိုပဲ PDF တွေက ပြောဆိုသွားတာဖြစ်ပြီး စစ်သင်တန်းပေးတာမရှိဘူးလို့ ပြောဆိုကြပါတယ်။

“လေယာဉ်တွေနဲ့ လာပစ်ရင် အိမ်အပေါ်ထပ်မှာ မနေဘဲနဲ့ အိမ်အောက်ထပ်မှာနေရမယ်။ မြောင်းရှိရင် မြောင်းထဲမှာ သွားဝပ်‌နေဆိုပြီး ပြောသွားတယ်။ စစ်တိုက်ဖို့တွေ မပါဘူး” လို့ သွားရောက်နားထောင်ခဲ့တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီလိုအသိပညာပေးရာမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ပတ်သတ်ပြီး ဆောင်ရမယ့် အချက်တွေကို ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေလည်း ဝေငှခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါကြောင့် အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ စစ်ကောင်စီ လော်ဘီချယ်နယ်ဟာ လေကြောင်းရန်၊ လေကြောင်းရန် ရှောင်ရမယ့် အသိညာပေးတဲ့ ဓာတ်ပုံမှတ်တမ်း အမှန်ကိုယူပြီး လုပ်ကြံ ပုံမှားရိုက်ထားတဲ့ အကြောင်းအရာတွေနဲ့ ရောထွေး ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု သာဓကများ

စစ်ကောင်စီအနေနဲ့ လောင်းလုံးမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှု ဧပြီ ၉ ရက်အထိ မရှိသေးပေမယ့် လက်နက်ကြီး ကတော့ အမြဲတမ်းလိုလို ပစ်ခတ်လေ့ရှိပါတယ်။

ဧပြီလ ၃ ရက်နေ့က လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံးရတာလို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က ဖော်ပြခဲ့တဲ့သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူ လောင်းလုံးမြို့နဲ့ ကပ်လျက်ရွာတွေကိုလည်း စစ်ကောင်စီတပ်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပါတယ်။

“တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့အနီး ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ Dawei Watch က ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့တဲ့သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

‌စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်တာမျိုး မရှိသေးပေမယ့် အနီးနားက ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်တွေ အပါအဝင် တနင်္သာရီတိုင်းထဲက မြို့နယ် ၆ ‌မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး တိုင်းထဲမှာ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာတာပါ။ အဒီအကြောင်းကို အသေးစိတ်ကို Dawei Watch က ပြီးခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ ဖော်ပြတဲ့ သတင်းဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ ဆောင်းပါးကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Dawei Watch သုံးသပ်ချက်

ပြည်သူတွေဟာ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေနဲ့ ကြုံနေကြရချိန်ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဘေးအန္တရာယ် ရှောင်ရှားနိုင်ဖို့ အသိပညာပေးလုပ်ဆောင်တာတွေအပေါ် စစ်သင်တန်းပေးတာလို့ ပုံမှားရိုက် ဖြန့်ချီလာတာြဖစ်တယ်လို့ သုံးသပ်ရပါတယ်။ လက်ဦးမှုရယူပစ်ခတ်ဖို့ ရေးသားတာဟာလည်း ပြည်သူတွေကို ဘေးအန္တရာယ် ဖြစ်အောင်၊ တိုက်ခိုက်မှုတွေ ဖြစ်လာအောင်နှပ်ကြောင်းပေး လှုံ့ဆော်ရေးသားချက်ဖြစ်ကြောင်း တွေ့ရပါတယ်။

လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်မှုရှိလာရင် စစ်သင်တန်း ပေးတာကြောင့်လို့ ကြိုကာထားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

နောက်တစ်ခုကတော့ စစ်ကောင်စီကို  နေ့စဉ်ဆန္ဒပြသပိတ်မှောက်တာတွေ၊ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့ လောင်းလုံးကျွန်းဆွယ်ကို စစ်ကောင်စီက ထိန်းချုပ်လာအောင် လော်ဘီတွေက လှုံဆော်တာလည်းဖြစ်နိုင်ပါတယ်။

အကြံပြုချက်

ပထမဆုံး သတိပေးချင်တာကတော့ စစ်ကောင်စီလော်ဘီတွေ ဒေသခံတွေရဲ့ Facebook လိုမျိုး ဆိုရှယ်မီဒီယာအကောင့် တွေ၊ ပေ့ချ်တွေကို အမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတာပါ။

ဆိုရှယ်မီဒီယာပေါ်ရောက်သွားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်ပါတယ်။ စစ်ကောင်စီ လော်ဘီတွေဟာ ဆိုရှယ်မီဒီယာတွေကိုစောင့်ကြည့်ပြီး ဖမ်းဆီးဖို့ လှုံဆော်ရေးသားလေ့ရှိပါတယ်။

ထားဝယ်ဒေသခံတစ်ဦးကို ဖမ်းဆီးဖို့ ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကိုသုံးပြီး လော်ဘီတွေ
လှုံဆော်နေတဲ့ နမူနာတွေကို အောက်ပါ စခရင်ရှော့မှာ ကြည့်နိုင်ပါတယ်။

ဒါကြောင့် လုံခြုံရေးနဲ့ဆိုင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာပေါ် မတင်ကြဖို့ ရှောင်ကြဉ်ရမှာဖြစ်သလို မဖြစ်မနေ တင်ရမယ်ဆိုရင်လည်း အထူးဂရုပြုဖို့လိုအပ်တဲ့အကြောင်း အကြံပြုလိုပါတယ်။

နောက်တစ်ခါ စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။