လောင်းလုံးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံး

0
830

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လောင်းလုံးမြို့နယ်၊ သာယာကုန်းရွာထိပ်တွင် ယနေ့ ဧပြီ ၃ ရက်နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးကျည် နှစ်လုံးကျရောက်ပေါက်ကွဲပြီး လူငယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ သာယာကုန်းရွာသား အသက် ၃၄ နှစ်အရွယ်ရှိ ကိုသူထွေး (ခေါ်) လူဂန်းအို ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက အိမ်ထဲမှာ အလုပ်လုပ်နေတယ်။ အဲဒီမှာ လက်နက်ကြီးလာကျပြီး ပွဲချင်းပြီးသေသွားတာ” ဟု ၎င်းက ပြောဆိုသည်။

လက်နက်ကြီးကျည်မှာ သာယာကုန်းရွာထိပ်ရှိ ကားလမ်းမတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

သာယာကုန်းကျေးရွာ၏ အနောက်ဘက်တွင်ရှိသော သဲပုံရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသည်။

“အဲဒီတပ်က ညဘက်ဆို လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ လက်နက်ကြီး ပစ်ခတ်သံမကြားရဘဲ ကျရောက်ပေါက်ကွဲချိန်မှသာ သိရှိခြင်းဖြစ်ပြီး မည်သည့်နေရာက ပစ်ခတ်သည်ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စခန်းမှူးကားနှင့် လုံခြုံရေးလိုက်ပါလာသည့်ကား ဖြတ်သန်းလာစဉ် ယခုလက်နက်ကြီးကျရောက်သည့် နေရာနှင့် မနီးမဝေးတွင် ပေါက်ကွဲ ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။