ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု အီရန်ကြေညာ

0
444

ဆီးရီးယားနိုင်ငံမြို့တော် ဓမ္မစကမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို လေကြောင်းက တိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်နေ့က အီရန်ဘက်က ကြေညာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွက် အီရန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုသဖြင့် ဧပြီလ ၂ ရက်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရသည်။

ယင်းဖြစ်စဉ်ကြောင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်နေချိန် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုတစ်ခု ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ညက အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးဘက်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်အဖွဲ့ (IRGC) ၏ အကြီးတန်း တပ်မှူး Mohammed Reza Zahedi နှင့် ၎င်း၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်တစ်ဦးအပါအဝင် အရာရှိ ၇ ဦးအထိ သေဆုံးခဲ့သည်။

ယင်းအပြင် ဆီးရီးယားနိုင်ငံသား ၆ ဦးလည်း သေဆုံးခဲ့သဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့ဟု အီရန်ကဆိုသည်။

တပ်မှူး Mohammed Reza Zahedi သေဆုံးမှုသည် ၂၀၂၀ ခုနှစ်နောက်ပိုင်း အီရန်အရာရှိထဲက ရာထူအမြင့်ဆုံးတစ်ဦး အသတ်ခံရမှုဖြစ်ခဲ့သည်။

ယခုတိုက်ခိုက်မှုသည် အစ္စရေးလက်ချက်ဖြစ်ကြောင်း အီရန်နှင့် ဆီးရီးယား နှစ်နိုင်ငံစလုံးက ယူဆထားသည်။

အစ္စရေးလေတပ်မှာ ဆီးရီးယား၏ တာဝေးလေကာစနစ်များကို ကျော်၍ ကနေဒါသံရုံးနှင့် အခြားအဆောက်အဦးတစ်ခုကြားရှိ အီရန်ကောင်စစ်ဝန်ရုံးပေါ်သို့ တိကျသည့် ပဲ့ထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘေးဘက်အဆောက်အဦးနှစ်ခုလုံး၌ ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ဘဲ အလယ်၌ရှိနေသည့် အီရန်ကောင်စစ်ဝန်ရုံးသာ ပြိုကျပျက်စီးသွားခဲ့ကြောင်း စစ်ရေးသတင်းများ ဖော်ပြနေသည့် Military Reviewer တွင်ဖော်ပြထားသည်။

လာမည့်ရက်များအတွင်း အီရန်က အစ္စရေးဘက်သို့ လေကြောင်းတိုက်ခိုက်မှုများ၊ တာဝေးအတွဲလိုက်ပစ်ဒုံး တိုက်ခိုက်မှုများ ပြုလုပ်လာဖွယ်ရှိပြီး Iron Dome နှင့် David Sling စသည့် အစ္စရေးဝေဟင်ပိုင်နက်၏ သံကွန်ခြာကြီးများ၏ ပြောင်မြောက်လှသော ကြားဖြတ်ဟန့်တားမှုများကို တွေ့မြင်ရဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြထားသည်။