ထိုင်းတွင် လူမှုဖူလုံရေးထည့်ဝင်သည့် မြန်မာလုပ်သားများ အကျူံးဝင်သည့်ဆေးရုံတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်နိုင်

0
410

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသူတိုင်းသည် ဧပြီလ ၁ ရက်နေ့မှစ၍ လူမှုဖူလုံရေးအကျူံးဝင်သည့် ဆေးရုံ၊ ဆေးခန်းတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးနိုင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ထံမှ သိရသည်။

လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားသူများသည် လူမှုဖူလုံရေးရုံးနှင့် အစိုးရကျန်းမာရေးအာမခံရုံး (ပကန်စူခဖန်း) များနှင့် ချိတ်ဆက်ထားသော ဆေးရုံဆေးခန်းတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခွင့် ရှိပြီဖြစ်သည်။

ယခင်က လူမှုဖူလုံရေး ပြုလုပ်ထားသည့် နယ်မြေအတွင်းရှိ သတ်မှတ်ဆေးရုံများတွင်သာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသားများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုရယူရန် ထိုင်းနိုင်ငံသားကတ်ပြားကို ယူဆောင်လာရမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပကန်စံခွန် နံပါတ် ၁၃ လုံးနှင့်အတူ နိုင်ငံကူးလက်မှတ်နှင့် work permit များ လိုအပ်မည်ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးရန်ပုံငွေထည့်ဝင်ထားသော ထိုင်းနိုင်ငံသားများက အကျိုးခံစားခွင့်များနှင့် ပက်သက်၍ ကောင်းမွန်စွာ ရရှိစေရေး တောင်းဆိုမှုများရှိခဲ့သဖြင့် ထိုင်းအစိုးရက ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ပြောသည်။

“ဒီကျန်းမာရေးစစ်ဆေးမှုနဲ့ ပက်သက်ပြီးတော့ မြန်မာအလုပ်သမားအများစုက မသိကြတာများတယ်။ ပကန်စံခွန် ထည့်ဝင် ထားတဲ့ သူတွေက နှစ်တိုင်း medical checkup (ကျန်းမာရေးစစ်ဆေးမှု) နဲ့ သွားကျန်းမာရေးအတွက် စစ်ဆေးခွင့် ရှိတယ်။ ဒါကို ကျွန်တော်တို့လည်း အလုပ်သမားတွေပါ သိလာအောင် ဗီဒီယိုလေးတွေနဲ့ တင်ပေးဖို့ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

လူမှုဖူလုံရေး ရန်ပုံငွေ ထည့်ဝင်ထားသော မြန်မာအလုပ်သမားအများစုသည် ကျန်းမာရေးစစ်ဆေးခွင့်ရှိသည်ကို မသိရှိခြင်း၊ မအားလပ်ခြင်း စသည်တို့ကြောင့် ပုံမှန်စစ်ဆေးခြင်း မရှိကြကြောင်း ၎င်းက ပြောဆိုသည်။

ဆေးရုံ၊ ဆေးခန်းများတွင် ဆေးစစ်မှုကုန်ကျစရိတ်နှင့် အကောင်အထည်ဖော်မည့် နည်းလမ်းများကို လူမှုဖူလုံရေးရုံးနှင့် ကျန်းမာရေးအာမခံရုံးများက ပူးပေါင်းသဘောတူကြပြီးနောက် ကျန်းမာရေးဝန်ဆောင်မှုများ အတူတကွပေးရန် သဘောတူလက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်အရ အစိုးရလူမှုဖူလုံရေးအဖွဲ့ဝင်များအနေဖြင့် လူမှုဖူလုံရေးရုံး၊ ကျန်းမာရေးမြှင့်တင်မှုရုံးနှင့် ရောဂါကာကွယ်ရေးရုံးများ အစရှိသော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသော ဆေးရုံ၊ ဆေးခန်းများတွင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နိုင်မည်ဖြစ်သည်။

ယင်းအစီအစဉ်က လူမှုဖူလုံရေးအဖွဲ့ဝင်များအား ကျန်းမာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်လာရန် ရည်ရွယ်ထားကြောင်း အစိုးရကျန်းမာရေးအာမခံရုံး၏ ဒုတိယ အထွေထွေအတွင်းရေးမှူး Attaporn Limpanyalert က ပြောကြားထားသည်။

ကုန်ကျစရိတ်ကို လူမှုဖူလုံရေးရုံးနှင့် ကျန်းမာရေးအာမခံရုံးများက ပူးပေါင်းကျခံမည်ဖြစ်ပြီး ဆေးရုံဆေးခန်းများအနေဖြင့် ကရူထိုင်းဘဏ်မှ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။

လူမှုဖူလုံရေး ထည့်ဝင်ထားသူများ၏ အသက်အရွယ်ပေါ်မူတည်၍ လူမှုဖူလုံရေးရုံး၏ အောက်တွင် စစ်ဆေးမှု ၁၄ ခုနှင့် ကျန်းမာရေးအာမခံရုံး၏ အောက်တွင် စစ်ဆေးမှု ၂၄ ခုအထိ စစ်ဆေးခွင့် ရရှိမည်ဖြစ်သည်။