လေကြောင်းတိုက်ခိုက်မှုခံလာရသည့် တောင်ပိုင်း

0
5771

၂၀၂၄ နှစ်ဦးပိုင်းမှစပြီး တောင်ပိုင်းဒေသတွင် တော်လှန်ရေး အားကောင်းလာသလို စစ်ကောင်စီကလည်း နယ်မြေစိုးမိုးနိုင်ရေးအတွက် နည်းလမ်းစုံသုံးကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည်။

စစ်ကောင်စီတပ်က တနင်္သာရီတိုင်းကို လေးကြောင်းပစ်ကူဖြင့် ဖိတိုက်လာနေခြင်းဖြစ်သည်။

ယခုနှစ်ဦးပိုင်း တောင်ပိုင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများကလည်း စစ်ကောင်စီတပ်ကို အထိနာစေယုံသာမက စခန်းသိမ်းတိုက်ပွဲများအထိပါ ဆင်နွှဲလာနိုင်နေသည်။

ထိုအခြေအနေတွင် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းများ မကျစေရေး၊ ထိန်းချုပ်ဧရိယာများ လက်မလွှတ်ရရေးအတွက် ၎င်းတို့အားသာသည့် လေကြောင်းပစ်ကူကို ပေါပေါလောလော အသုံးပြုလာခြင်းလည်းဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တွင် စစ်ရေးအခြေမလှသဖြင့် လေကြောင်းပစ်ကူသုံးလာရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

“သူတို့( စစ်ကောင်စီတပ်) ကတော့ မနိုင်တဲ့အဆုံး နိုင်တဲ့အပိုင်းကနေ( လေကြောင်းပစ်ကူ) လုပ်နေရတယ်လို့ပဲမြင်တယ်” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့က အရပ်သားများကို များစွာထိခိုက်လျက်ရှိသည်။

လေကြောင်းတိုက်ခိုက်မှုများ

စစ်ကောင်စီတပ်က တနင်္သာရီတိုင်းကို ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှု စတင်လာသည်မှာ အာဏာသိမ်းကာလ ၃ နှစ်တင်းတင်းပြည့်ရန် နှစ်ရက်အလို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖြစ်သည်။

ယင်းမတိုင်ခင် ပထမဦးဆုံး လေကြောင်းတိုက်ခိုက်မှုမှာ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲတွင်ဖြစ်သည်။ ၂၀၂၃ မေလ ၁၄ ရက်နေ့တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေဖြူမြို့နယ် အထူးစီးပွားရေးဇုန် ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သဖြင့် စခန်းကျလုကျခင်အခြေအနေတွင် လေကြောင်းပစ်ကူရောက်လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုအပြီး ၇ လကျော်အကြာတွင်တော့ ပုလော၊ တနင်္သာရီ၊ ကျွန်းစု၊ ထားဝယ် စသည့် မြို့နယ်များတွင်ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူကို တွင်တွင်ကျယ်ကျယ် အသုံးချလာခဲ့တော့သည်။

၂၀၂၄ ခုနှစ်၏ ပထဆုံးလေကြောင်းတိုက်ခိုက်မှုဟုဆိုနိုင်သည့် တိုက်ပွဲမှာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပုလောမြို့နယ် မီးလောင်ချောင်းရွာတိုက်ပွဲဖြစ်သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တနင်္သာရီမြို့နယ် ဘန်လောအရှေ့ခြမ်းနှင့် ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်မူ တနင်္သာရီမြို့နယ် မောတောင်ငယ်ရွာ ထပ်မံတိုက်ခိုက်ခံရပြန်သည်။

ထားဝယ်ခရိုင်တွင်မူ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထားဝယ်မြို့နယ် အရှေ့တောဒေသ ကျောက်မဲတောင်ရွာနှင့်ဝကုန်းရွာကြား၊ ၂၂ ရက်နေ့တွင် ကျောက်မဲတောင်အနီးဝန်းကျင်၊ ၂၆ ရက်နေ့တွင် တောင်သုံးလုံးရွာဝန်းကျင်တို့ကို စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့သည်။

ယင်းနောက် မတ်လအတွင်းတွင်လည်း လေကြာင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာပြီး မတ်လ ၂ ရက်နေ့တွင် ထားဝယ်မြို့နယ် ရောင်းမော်ရွာ၊ မတ်လ ၄ ရက်နေ့တွင် ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့ဝန်းကျင်နှင့် သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာတို့ကို လေကြောင်းသုံးတိုက်ခိုက်ခဲ့သည်။

မတ်လ ၆ ရက်နေ့တွင်မူ စစ်ကောင်စီတပ်က ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့အနီးကို Mi-2 ရဟတ်ယာဉ်၊ K-8W ဂျက်တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။

ယင်းကာလအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ရာချီကြဲချခဲ့သည်။

ယင်းအချက်အလက်များမှာ Dawei Watch က ပြုစုထားသည်မျှသာရှိသေးပြီး မြေပြင်တွင် ယင်းထက်ပိုများနိုင်သည်။

တနင်္သာရီတိုင်းရှိ စစ်ဘက်သုံးလေယာဉ်များ

လတ်တလော တနင်္သာရီတိုင်းတွင် လေကြောင်းပစ်ကူအတွက် စစ်ကောင်စီတပ် အများဆုံးအသုံးပြုနေသည်မှာ ရုရှားနိုင်ငံထုတ် Mi-2 ရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။

အဆိုပါရဟတ်ယာဉ်သည် တိုက်ခိုက်ရေး၊ သယ်ယူပို့ဆောင်ရေး နှစ်မျိုးလုံးအသုံးပြုနိုင်သည်။

မြိတ်လေတပ်စခန်းတွင် Mi-2 ရဟတ်ယာဉ်အမျိုးအစားအနည်းဆုံး ၆ စီးရှိနိုင်ကြောင်း စစ်ကောင်စီလေယာဉ်များအား စောင့်ကြည့်မှတ်တမ်းတင်နေသူတို့ကဆိုသည်။

ယင်းအပြင် ကင်းထောက်နှင့် အမောင်းသင်နှစ်မျိုးသုံးလေယာဉ်ငယ်လည်း အနည်းဆုံး ၆ စီးရှိနိုင်သေးသည်ဟုဆိုသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက သရက်ချောင်းမြို့နယ် ကျွဲးစပ်ရွာနှင့် ချောင်းဝပြင်ကျေးရွာအနီးတွင် ပျက်ကျခဲ့သည်မှာ အဆိုပါကင်းထောက်လေယာဉ် အမျိုးအစားပင်ဖြစ်သည်။

ပင်လယ်ပြင် ကင်းထောက်လေယာဉ် အမျိုးအစားလည်းရှိသေးသည်။

အဆိုပါ စစ်ဘက်လေယာဉ်သုံးမျိုးမှာ အာဏာမသိမ်းမီကတည်းက မြိတ်လေတပ်စခန်းတွင်ရှိနေသည့်လေယာဉ်များဖြစ်ပြီး အားလုံးနီးပါးမှာ ဟောင်းနွမ်းနေပြီဖြစ်ကြောင်း သိရသည်။

“အဲလေယာဉ်အားလုံးက အစုတ်တွေလို့ ပြောလို့ရတယ်” ဟု လေတပ်စခန်းအနီးရှိ ဒေသခံတစ်ဦးကဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် K-8W အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စီးကို မြိတ်လေတပ်စခန်းတွင် လာရောက်ထားရှိခဲ့သည်။

K-8W ဂျက်တိုက်လေယာဉ်သည် အပေါ့စားတိုက်ခိုက်ရေးနှင့် အမောင်းသင်နှစ်မျိုး သုံးနိုင်သည်။

၂၀၂၂ ခုနှစ် မတ်လက တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ရွာနှင့် ကမ္မလိုင်းရွာကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် K-8W ဂျက်တိုက်လေယာဉ်ဟုယူဆရသည့် တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲခဲ့ဖူးသည်။

မတ်လ ၆ ရက်က ထားဝယ်အရှေ့တောဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း Mi-2 ရဟတ်ယာဉ်နှင့် K-8W ဂျက်တိုက်လေယာဉ်တို့ကို အသုံးပြုခဲ့သည်။

ပြည်တွင်းမီဒီယာတို့ဖော်ပြချက်အရ Mi-2 ရဟတ်ယာဉ်နှင့် K-8W ဂျက်တိုက်လေယာဉ်တို့ကို လေယာဉ်ပစ်လက်နက်မရှိသည့် ဒေသများတွင် စစ်ကောင်စီတပ်က အများဆုံး အသုံးပြုလေ့ရှိသည်ဟုဆိုသည်။

A-5၊ G-4၊ K-8 အပေါ့စား ဂျက်တိုက်လေယာဉ်များ၊ နှင့် Mi-35၊ Mi-17 နှင့် Mi-2 ချေမှုန်းရေး ရဟတ်ယာဉ်များကို လေယာဉ်ပစ်လက်နက်မရှိသည့် စစ်ကိုင်းနှင့် မကွေးတိုင်း လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြုခဲ့ကြသည်ဟုဆိုသည်။

လေယာဉ်ပစ်လက်နက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နေရာတို့တွင်မူ ဘက်စုံသုံးဂျက်တိုက်လေယာဉ်များဖြစ်သည့် JF-17၊ Yak-130 နှင့် Su-30 ဗုံးကြဲလေယာဉ်များကို အသုံးပြုလေ့ရှိသည်ဟု မီဒီယာများတွင် ဖော်ပြထားချက်များအရ တွေ့ရသည်။

လက်ရှိတွင် ထားဝယ်မြို့အနီးရှိ အမှတ် (၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈)တွင်လည်း Mi-2 ရဟတ်ယာဉ်အချို့ရောက်ရှိနေသည်။

မတ်လ ၄ ရက်နေ့က ထားဝယ်အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတို့တွင် ဗုံးကြဲသွားသည့် Mi-2 ရဟတ်ယာဉ်သည် စကခ ၈ အတွင်းမှ ပျံတက်လာခြင်းဖြစ်သည်။

ဒေသတွင်း တော်လှန်ရေးတပ်များတွင်မူ စစ်ကောင်စီ၏ လေကြောင်းရန်ကို တန်ပြန်ရန် လေယာဉ်ပစ်လက်နက်ကဲ့သို့သော ဗျူဟာကျသည့် လက်နက်များ ပိုင်ဆိုင်ထားခြင်းမရှိသေးဟု ယူဆရပေသည်။

“လေကြောင်းကို တန်ပြန်နိုင်တဲ့ အနေအထားကတော့ အခုချိန်မှာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး ကြိုးစားနေတာတော့ရှိတယ်” ဟု အမည်မဖော်လိုသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်းတပ်ရင်း ၁ တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းဗျူဟာ

စစ်ကောင်စီတပ်သည် တပ်ပြင်ပရှိ မည်သူ့ကိုမျှအယုံအကြည်မရှိပေ။

ထိုကြောင့် လေယာဉ်အတက်အဆင်းများကို စောင့်ကြည့်သတင်းပေးသူများကို လှည့်စားသည့် ဗျူဟာကို အသုံးပြုနေကြောင်း စစ်ကောင်စီလေယာဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေသူများကဆိုသည်။

“လေယာဉ်စက်သံကြားတာနဲ့ လေယာဉ်ပျံတက်လာပြီဆိုပြီး သတင်းပို့ကြတော့ အခုက ဘယ်လိုဗျူဟာမျိုးသုံးသလဲဆိုရင် မြိတ်ကနေ တိုက်ရိုက်ပျံတက်လာပြီး ထားဝယ်မှာလာပစ်သွားတာမျိုးပေါ့။ တစ်ခါတလေမှာ အဲလိုဗျူဟာသုံးလေ့ရှိတယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲအခြေအနေအပေါ်မူတည်ပြီး မှော်ဘီ၊ ပုသိမ် မကွေးအစရှိသည့် လေတပ်စခန်းတို့မှ ဂျက်တိုက်လေယာဉ်များလည်း တနင်္သာရီတိုင်းသို့ တိုက်ရိုက်ပျံသန်းပြီး တိုက်ခိုက်နိုင်ခြေရှိကြောင်း ၎င်းတို့ကဆိုသည်။

“နောက်ပိုင်းသူတို့ရဲ့ တိုက်လေယာဉ်ပျံတက်တဲ့နေရာတွေက ပုံသေမဟုတ်တော့ဘူး။ ဗျူဟာပြောင်းလာတယ်” ဟု ‌၎င်းကဆိုသည်။

စစ်ဘက်လေယာဉ်များ၏ အချက်အလက်များကို စစ်ကောင်စီတပ်အတွင်းရှိ တာဝန်ရှိသူများမှလွဲပြီး ခရီးသည်တင်လေကြောင်းလိုင်းအပါအဝင် အရပ်ဖက်ရှိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသိစေရန် စစ်ကောင်စီတပ်က စီမံထားသည်ဟုဆိုသည်။

စစ်ကောင်စီတပ်က ကိုယ်ပိုင်ထိန်းချုပ်ရေးကိရိယာများတပ်ဆင်ပြီး စီမံခန့်ခွဲနေခြင်းဖြစ်သည်။

ထားဝယ်လေယာဉ်ကွင်း

ဆိုခဲ့ပြီးသည့်အတိုင်း တနင်္သာရီတိုင်းတွင် မြိတ်လေတပ်စခန်းတစ်ခုသာရှိသည်။

ဂျက်တိုက်လေယာဉ်များမှာ လေတပ်စခန်းအခြေစိုက်သည့် ကွင်းများတွင်သာ အတက်အဆင်းပြုလုပ်နိုင်ပြီး အများပြည်သူသုံးလေယာဉ်ကွင်းများတွင် အတက်အဆင်းမလုပ်နိုင်ဟု အကြမ်းဖျင်းပြောနိုင်သည်။

တိုက်လေယာဉ်များ အင်ဂျင်စက်နှိုးရန်အတွက် စက်ပစ္စည်းကိရိယာများ လိုအပ်သေးသည်ဖြစ်ရာ ထားဝယ်လေယာဉ်ကွင်းတွင်မူ လတ်တလောအဆိုပါစက်ကိရိယာများ တပ်ဆင်ထားခြင်းမရှိသေးပေ။

Dawei Watch ၏ စုံစမ်းမေးမြန်းချက်များအရ ထားဝယ်ခရိုင် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေသည့် Mi-2 ရဟတ်ယာဉ်သည်ပင် ထားဝယ်လေယာဉ်ကွင်းတွင် ဆင်းသက်ရပ်နားခြင်းမရှိဟုဆိုသည်။ K-8W ဂျက်တိုက်လေယာဉ်လည်း အလားတူပင်ဖြစ်သည်။

Mi-2 ရဟတ်ယာဉ် အတက်အဆင်းကို ထားဝယ် စကခ ၈ အတွင်းမှာပင်ပြုလုပ်သည်။

လတ်တလောအခြေအနေတွင်မူ အများပြည်သူ စောင့်ကြည့်သူများအတွက် အလွယ်တကူ မြင်သာထင်သာရှိနေသည့် အရပ်ဖက်လေယာဉ်ကွင်းများတွင် စစ်ဖက်သုံးလေယာဉ်များ အတက်အဆင်းလုပ်မည်မဟုတ်ကြောင်း လေ့လာသူတို့ကဆိုသည်။

ယင်းအတွက်ကြောင့် ထားဝယ်လေယာဉ်ကွင်းကို စစ်ကောင်စီတပ်က လတ်တလော အသုံးမပြုနိုင်ဟု ယူဆရပေမည်။

ယင်းအခြေအနေများကြောင့် လေကြောင်းပစ်ကူအတွက် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များသည် မြိတ်လေတပ်စခန်း သို့မဟုတ် ကစခ ၈ တို့မှသာ ပျံသန်းထွက်ခွာလာနိုင်‌ခြေရှိနေခြင်းဖြစ်သည်။

ဒေသတွင်း စစ်ရေးအခြေအနေ အပြောင်းအလဲ

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြုလုပ်လာခြင်းသည် ဒေသတွင်း စစ်ရေးအခြေအနေ‌ အပြောင်းအလဲနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။

KNU တပ်မဟာ ၄ နှင့် ကော်သူးလေအာမီ ကရင်လက်ကိုင်နှစ်ဖွဲ့တို့ ယခင်ကမသင့်မမြတ်ရှိခဲ့သော်လည်း လက်ရှိတွင် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာနေသည်။

ထိုအတူပင် ‌ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့် KNU တက်မဟာ ၄ အကြား၊ ကော်သူးလေအာမီတို့အကြားတွင်လည်း အပေါင်းလက္ခဏာဆောင်သည့် ဆက်ဆံရေးကို မြင်တွေ့လာရသည်။

ထိုကဲ့သို့ တော်လှန်ရေးအဖွဲ့များအကြား စုစည်းမှုရှိလာသည်နှင့်အမျှ စခန်းသိမ်းတိုက်ပွဲများအထိ တောင်းပိုင်းစစ်ရေးအခင်းအကျင်း တိုးတက်ပြောင်းလဲလာခဲ့သည်ဟုဆိုရမည်။

တနင်္သာရီတိုင်း၏ ပထမဆုံး စခန်းသိမ်းတိုက်ပွဲက ဇန်နဝါရီလ ၄ ရက် ထားဝယ်မြို့နယ် အရှေ့တောဒေသ ဘန်းချောင်းတကျောရှိ ကျောက်ထုစခန်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်တွင်လည်း ထားဝယ်အရှေ့တောဒေသထဲ ဝင်ရောက်လာသည့် အင်းအား ၃၀၀ ကျော်ပါ ရိက္ခာနှင့် လက်နက်တင်‌ဆောင်လာသည့် ကား ၁၇ စီးပါ ကောင်စီယာဉ်တန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တို့ အထိနာအကျအဆုံးများခဲ့သည်။

စစ်ကောင်စီယာဉ် ၁၂ စီးထက်မနည်းကိုလည်း တော်လှန်ရေးတပ်တို့က ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့်ယာဉ်များကိုမူ လက်ရှိအချိန်အထိ အရှေ့တောဒေသ ကျောက်မဲတောင်ရွာအနီးတွင် တော်လှန်ရေးတပ်တို့က ရှေ့ဆက်မရအောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

အဆိုပါယာဉ်တန်းကို ပိတ်ဆို့ထားစဉ်မှာပင် တော်လှန်ရေးတပ်တို့က အနီးအနားရှိ ဟိန္ဒားစခန်း၊ မေတ္တာမြို့မရဲစခန်းတို့ကို နည်းမျိုးစုံဖိအားပေး တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၃ ရက်တို့တွင် အဆိုပါစခန်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

မေတ္တာရဲစခန်းအနီးတွင် အရေးပါသော စစ်ကောင်စီ၏ မေတ္တာဗျူဟာကုန်းရှိသည်။

အဆိုပါဗျူဟာကုန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တို့က ပိတ်ဆို့ထားပြီး စစ်ကူများမလာနိုင်စေရန်လည်း ဖြတ်တောက်ထားသည်။

တော်လှန်ရေးတပ်တို့၏ အဆိုအရ စစ်ကောင်စီတပ်သည် မေတ္တာဗျူဟာမကျစေရေး နည်းမျိုးစုံ ကြိုးပမ်းလျက်ရှိဟုသိရသည်။

ထိုကဲ့သို့ ကြီးမားသည့် စစ်ရေးအချိုးအကွေ့ထဲတွင် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNU တပ်မဟာ ၆ လက်အောက်ခံတပ်များ၊ ကော်သူးလေအာမီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပါဝင်လျက်ရှိသည်။

“ဒီပွဲက စည်းလုံးညီညွတ်မှုအရှိဆုံးပဲ” ဟု ထားဝယ်အရှေ့တောဒေသခံ အမျိုသားတစ်ဦးက မှတ်ချက်ပြုသည်။

တော်လှန်ရေးအစပိုင်းက စစ်ကောင်စီတပ်သည် ခြေလျင်စစ်ကြောင်းထိုးသည့် ဗျူဟာကို တွင်တွင်အသုံးပြုခဲ့သည်။

၎င်းတို့ကို တော်လှန်ရေးတပ်တို့က ‌မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့သာ အများဆုံး ပြုလုပ်နိုင်ခဲ့သည်။

ယင်းနောက် ၂၀၂၃ ဇွန်လလောက်မှစပြီး တော်လှန်ရေးတပ်ဖွဲ့တို့က စစ်ရေးတစ်ဆင့်မြှင့်တင်ကာ စစ်ကောင်စီတပ်စခန်းငယ်များ၊ ပျူစောထီးစခန်းများကို ပစ်မှတ်ထား တိုက်စစ်ဆင်လာခဲ့သည်။

ခံစစ်မှ တိုက်စစ်သို့ ပြောင်းလာသော်လည်း ယင်းအချိန်က စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲနိုင်ခြင်းမရှိပေ။

နောက်ပိုင်းတွင် KNU တပ်မဟာ‌ ၆ မှ အရာရှိတစ်ဦး တနင်္သာရီတိုင်းဘက်‌ရောက်လာခဲ့ပြီး ၂၀၂၄ ဇန်နဝါရီလ နောက်ဆုံးအပတ်မှစပြီး စခန်းသိမ်းတိုက်ပွဲများအပါအဝင် တော်လှန်ရေးတပ်တို့ဖက်က စစ်ရေးအရ အသာရရှိလာခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအထိပေါက်ရောက်သော ထီးခီးလမ်းကိုလည်း အရှေ့တောဒေသမှ နယ်စပ်အထိကို တော်လှန်ရေးတပ်တို့ဖက်က အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်နေသည်။

ထိုကဲ့သို့သော စစ်ရေးအခြေအနေတွင် စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်းထိုးဗျူဟာအစား လက်နက်ကြီးပစ်ကူနှင့်တွဲဖက်ပြီး လေကြောင်းပစ်ကူကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာခဲ့သည်။

စစ်ကောင်စီက မြေပြင်တိုက်ခိုက်ရေးတပ်များ အခြေမလှသဖြင့် လေကြောင်းပစ်ကူပါ ယူနေရသည့် အခြေဆိုက်လာသည်ဟု ဆိုရပေမည်။

“စစ်ကောင်စီတပ်အနေနဲ့ လေကြောင်းပစ်ကူကို တောက်လျှောက်သုံးလာတယ်ဆိုတာက သူတို့မှာ စစ်အင်အားနည်းလာလို့ပဲမြင်တယ်” ဟု ထားဝယ်ခရိုင် တပ်ရင်း ၁ တာဝန်ရှိသူကဆိုသည်။

စစ်ဘေးရှောင်နှင့် အရပ်သားထိခိုက်မှုများ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး အလွန်အကျွံပစ်ခတ်မှုတို့ကြောင့် အရပ်သာများ သေဆုံး ထိခိုက်ဒဏ်ရာရရှိနေပြီး အဆောက်အဦးများလည်း ပျက်စီးလျက်ရှိသည်။

ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၆ ရက်အထိကာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်‌ဒေသများတွင် အရပ်သားသေဆုံးသူ ၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅ ဦး အထိရှိခဲ့သည်။

ယင်းအပြင် ပုဂ္ဂလ်ကဆေးခန်းတစ်ခန်း၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်။ နေအိမ်နှင့် ဥယာဉ်ခြံပျက်စီးမှုများလည်းရှိသေးသည်။

ယင်းအချက်အလက်များမှာ Dawei Watch က မှတ်တမ်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ထံမှရရှိထားသည်များသာရှိသေးပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။

လေကြောင်းတိုက်ခိုက်ခံနေရသည့် ထားဝယ်အရှေ့တောဒေသတွင် ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၇၀၀၀ ကျော် စစ်ဘေးရှောင်‌နေရကြောင်း KNU တပ်မဟာ(၄)က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

၎င်းစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အိပ်ယာထိုင်ခင်းများ လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

သို့သော်စစ်ကောင်စီတပ်က အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားလေ့ရှိသဖြင့် စစ်ဘေးရှောင်များကို အချိန်နှင့်တပြေးညီကူညီရေးတွင် အခက်အခဲရှိကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကဆိုသည်။

“ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ထားတော့ အရှေ့တောက စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိနေတယ်” ၎င်းကဆိုသည်။

အလားတူ လေကြောင်းတိုက်ခိုက်ခံနေရသည့် သရက်ချောင်းမြို့နယ် ရောင်းမော်ရွာအနီးဝန်းကျင်ရှိ အနည်းဆုံးကျေးရွာ ၅ ရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မရှိသည့် နေရာများကိုလည်း လေကြောင်းတိုက်ခိုက်မှုလုပ်လာကြောင်း ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူကပြောသည်။

“စစ်ရေးပစ်မှတ်မရှိတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲတာကတော့ စစ်သည်တော်ကျင့်ဝတ်နဲ့မညီဘူး” ဟု ၎င်းကဆိုသည်။

ဗုံးခိုကျင်းတူနေရသည့် ဒေသခံများ

စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ တနင်္သာရီတိုင်းတွင် ဆက်တိုက်ပြုလုပ်လာသဖြင့် ဒေသတွင်းပြည်သူများမှာ စိုးရိမ်နေကြသည်။

ယင်းစိုးရိမ်မှုကြောင့် လတ်တလော လေကြောင်းတိုက်ခိုက်ခံရခြင်းမရှိသည့် ဒေသတို့တွင်ပင်ဗုံးခိုကျင်းများတူးလာကြသည်။

ဗုံးခိုကျင်းတူးရန် အရွယ်အစား၊ သုံးစွဲသည့် ပစ္စည်းများပေါ်မူတည်ပြီး အနိမ့်ဆုံး ကျပ်တစ်သိန်းမှ ကျပ်သိန်းဆယ်ဂဏန်းအထိ ကုန်ကျကြောင်း လောင်းလုံးမြို့နယ်ရှိ ဒေသခံအချို့က ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပါက ဗုံးခိုကျင်းကို ရမယ်ရှာပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်နေသူများလည်း ဒုနှင့်ဒေးပင်။

“(ဗုံးခိုကျင်းကို) ဘန်ကာလို့ထင်ပြီး (စစ်ကောင်စီတပ်က) ပစ်သတ်သွားမှာလည်း ကြောက်နေရသေးတယ်” ဟု လောင်းလုံးမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

ခေတ်အဆက်ဆက် စစ်ပွဲများနှင့် မကြုံးဖူးသည့် ဒေသခံများမှာ စနစ်ကျသည့် ဗုံးခိုကျင်းအား မည့်သို့တူးဖော်ရမည်ကို မသိသူများလည်း အများအပြားရှိလေသည်။

ပြည့်သူ့ကာကွယ်‌ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကမူ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အချိန်မရွေးဖြစ်ပွားလာနိုင်ခြေရှိသဖြင့် လေကြောင်းကာကွယ်ရေး အစီအမံများကို ကြိုတင်လေ့လာထားကြရန် အကြံပြုသည်။

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပေါ် ၎င်းကအခုလိုဆိုသည်။

“ပြည်သူကို အဲလိုလေကြောင်းနဲ့ ပစ်ခတ်နေတာဟာ ကမ္ဘာမှာ အဆိုးဆုံးပဲ”

စစ်ကောင်စီတပ်ဘက်ကမူ နယ်မြေစိုးမိုးနိုင်မှု နည်းလာလေလေ လေကြောင်းအသုံးပြုမှု များလာလေလေ ဖြစ်လာနိုင်သည်ဟု လေ့လာသူများက ထောက်ပြနေကြသည်။