တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့အနီး ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

0
834

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့အနီးရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံတို့က ပြောသည်။

မတ်လ ၁၀ ရက်ကစပြီး ည ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး သုံးညဆက်တိုက် ထိုသို့ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည်များမှာ စစ်ပြဲကျေးရွာ၊ လေးသွန်းခံကျေးရွာ အပြင်ဘက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ထိခိုက်မှုကတော့ မကြားရသေးဘူး။ လူတွေကတော့ ရွာထဲလာကျမှာကို ကြောက်နေကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်ကမူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခြင်းမျိုး မရှိဘဲ မြေပြင်စစ်ကြောင်းထိုးခြင်းတို့သာ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချထားသည့်နေရာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲနောက်ပိုင်းတွင် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခြင်းမရှိတော့ဘဲ မြို့ထဲတွင်ပင် စစ်ကောင်စီတပ်က ခံစစ်ဖြင့် ခုခံရန်ပြင်ဆင်ထားကြောင်း မြို့ခံတို့က ပြောဆိုသည်။

ယင်းနောက် ယခုကဲ့သို့ မြို့အနီးရှိ ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခန့်ကမူ လောင်းလုံးမြို့အနီးရှိ ကျေးရွာများသို့ ဂျက်တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲနေသည်ကိုတွေ့ရကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအတွက်ကြောင့် လေကြောင်းတိုက်ခိုက်ခံလာရမည်ကိုလည်း စိုးရိမ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။