ထိုင်းလူထု​ ထောက်ခံမှုအများဆုံး ရထားသည့် Move Forward ပါတီကို ဖျက်သိမ်းနိုင်ရေး အခြေခံဥပဒေခုံရုံးတင်မည်

0
633

ရွေးကောက်ပွဲအနိုင်ရ အတိုက်ခံပါတီဖြစ်သော Move Forward ပါတီကို ဖျက်သိမ်းရန် ရှိမရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်၍ ဆုံးဖြတ်ချက် ခံယူသွားမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ယနေ့ (မတ်လ ၁၂) တွင် ကြေညာခဲ့သည်။

တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေချိုးဖောက်ခြင်း ရှိ မရှိကို ခုံရုံးတင် စစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က လုံးဝသဘောတူကြောင်း ထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဖုရားနှင့် နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံ နှင့် တော်ဝင်မျိုးနွယ်များကို အသေရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ထို ပုဒ်မ ၁၁၂ ကို ပြင်ဆင်နိုင်ရေး ရွေးကောက်ပွဲကတိပေးခဲ့သော Move Forward ပါတီသည် ပြီးခဲ့သောနှစ် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် ထိပ်ဆုံးကအနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင် ပီထာ က ထိုင်းဝန်ကြီးချုပ်ဖြစ်ရန်အထိ ရေပန်းစားခဲ့သည်။

သို့သော်လည်း ပါတီခေါင်းဆောင် ပီတာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ကုမ္ပဏီ၏ ရှယ်ယာများပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရသည်။

ထို့ကြောင့် ပီတာသည် လွှတ်တော်အမတ်အဖြစ်ရော ပါတီခေါင်းဆောင်နေရာကိုပါ စွန့်လွှတ်ခဲ့ရသည်။

နောက်ပိုင်းတွင် ပီတာသည် iTV ရှယ်ယာပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေကို ကျူးလွန်မှုမရှိသဖြင့် အပြစ်မရှိကြောင်း တရားရုံးက ပြန်အမိန့်ချခဲ့သည်။

ပါတီပြောရေးဆိုခွင့်ရှိသူက ခုံရုံးတွင် ပါတီကိုယ်တိုင် ပြန်လည်ချေပသွားမည်ဖြစ်ပြီး ယင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားမှုရှိကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အကယ်၍ Move Forward ပါတီသာ ဖျက်သိမ်းခံလိုက်ရပါက ပါတီခေါင်းဆောင်များသည် နိုင်ငံရေးမှ ၁၀ နှစ် ရပ်နားခံရနိုင်သည်။

Move Forward ပါတီမတိုင်ခင် လှုပ်ရှားခဲ့သော ပါတီဖြစ်သည့် Future Forward party ကလည်း ပြီးခဲ့သော ၂၀၂၀ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည်။

ပါတီဖျက်သိမ်းခံရပြီးနောက် ပီတာခေါင်းဆောင်ပြီး ကျန်လွှတ်တော်အမတ်များဖြင့် Move Forward ပါတီကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။

Ref: Aljazeera, Bangkok Post, REUTERS