မြန်မာလုပ်သားများကို လစာမပေးသည့် အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရဝင်စစ်

0
9637

မြန်မာအလုပ်သမား ၄၀၀ နီးပါးကို လုပ်အားခမပေးသဖြင့် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရက ဝင်ရောက်စစ်ဆေးပြီးနောက် ပြေလည်သွားပြီဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၁၁) ရက်နေ့က ထိုင်းအလုပ်သမားရုံးနှင့် ဌာနဆိုင်ရာများက လုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အလုပ်ရှင် အလုပ်သမား နှစ်ဦး နှစ်ဖက် သဘောတူပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၅ သန်းကျော်ကို အလုပ်ရှင်ဘက်က အချိန်မီ ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် မတ်လ ၇ ရက်နေ့တွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် အလုပ်ရှင်ဘက်က လုပ်အားခ ၁၅ ရက်စာ (တစ်ဝက်) ကို ထုတ်ပေးခဲ့ပြီး ကျန်ရှိသော လုပ်အားခ ၁၅ ရက်စာကို လာမည့် မတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားထုတ်ပေးသွားမည်ဟု အလုပ်ရှင်ဘက်က ထိုင်းအာဏာပိုင်များရှေ့တွင် လက်မှတ်ထိုးခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။

“မနေ့က ထိုင်းဌာနဆိုင်ရာတွေကနေ ဝင်စစ်တဲ့အချိန် အလုပ်ရှင်ဘက်က အလုပ်သမားတွေ တောင်းဆိုတာတွေကို အကုန်လိုက်လျောခဲ့တယ်။ စာအုပ်တွေ သိမ်းထားတာလည်း နားလည်မှုယူပြီး ပြန်ထုတ်ပေးတယ်။ နှစ်ဦး နှစ်ဖက် သဘောတူလိုက်ကြတယ်” ဟု ကိုမုန်တိုင်းက ဆိုသည်။

အလုပ်သမားများထံမှ သိမ်းထားသော နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများကိုလည်း အလုပ်သမားများနှင့် နားလည်မှုရရှိကာ ပြန်လည်ထုတ်ပေးခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။

အလုပ်သမားများက ရေလုပ်ငန်းလုပ်ကိုင်နေသဖြင့် ရေစိုပျက်စီးမည်ကို စိုးရိမ်ပြီး ရက် ၉၀ တုံးထုရန်အတွက်လည်း စာရွက်စာတမ်းများကို သိမ်းဆည်းထားရခြင်းဖြစ်ကြောင်း အလုပ်ရှင်က အကြောင်းပြသည်ဟု ကိုမုန်တိုင်းက ဆိုသည်။

မြန်မာအလုပ်သမားများတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော အလုပ်သမားများ၊ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရှိသော အလုပ်သမားများ အများစု ပါဝင်ကြောင်း သိရသည်။

ကုမ္ပဏီဘက်က လုပ်အားခများကို လစဉ် ပုံမှန်အတိုင်းထုတ်ပေးနေရာမှ ဖေဖော်ဝါရီလ လုပ်အားခကို အချိန်မီထုတ်ပေးခဲ့ခြင်းမရှိသဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီမှ အလုပ်သမားတစ်ဦးက ဆိုသည်။

“ပထမတစ်ဝိ (၁၅ ရက်လုပ်အားခ) လည်း မရှင်းပေးဘူး။ နောက်တစ်ဝိကျတော့လည်း မရှင်းပေးဘူး။ အဲတော့ အရင် လူစုပြီး သွားညှိကြသေးတယ်။ အဲကို ၅၀၀ ပေးလိုက် ၁၀၀၀ ပေးလိုက်လုပ်နေတော့ တိုင်ဖြစ်သွားတာပဲ” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် လုပ်အားခကိစ္စများသာမက ကုမ္ပဏီဘက်က သိမ်းထားသော စာရွက်စာတမ်းများကိုပါ ကိုင်ဆောင်ခွင့်ရရှိရေး သဘောတူခဲ့သဖြင့် နားလည်မှုရရှိခဲ့ပြီဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများ၏ စာရွက်စာတမ်းများကို အလုပ်ရှင်က သိမ်းဆည်းထားပိုင်ခွင့်မရှိသဖြင့် အကယ်၍ သိမ်းဆည်းခံရပါက အလုပ်သမားရုံးနှင့် မြန်မာအဖွဲ့အစည်းများထံသို့ တိုင်ကြားသင့်ကြောင်း WAG အဖွဲ့က တိုက်တွန်းထားသည်။

အီတာလျံထိုင်းကုမ္ပဏီမှာ တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။

သို့သော် နှစ်ချီ၍လုပ်ငန်းကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးတာဝန်များ လိုက်နာရန် အားနည်းခြင်းများကြောင့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့်ရပ်ဆိုင်းခံခဲ့ရသည်။