တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
380

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ

ကင်ညာစစ်တပ်အကြီးအကဲ ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံး

ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန်စစ် အိုဂိုလာဟာ နိုင်ငံအနောက်ပိုင်းမှာ ဧပြီလ ၁၈ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။

အိုဂိုလာဟာ ကင်ညာစစ်တပ်ရဲ့ စစ်ဦးချုပ်တစ်ဦးဖြစ်ပြီး အခြားစစ်ဘက်အရာရှိ ၁၁ ဦးနဲ့အတူ ရဟတ်ယာဉ်မှာ လိုက်ပါလာတာပါ။

ကံမကောင်းစွာနဲ့ သူတို့စီးလာတဲ့ ရဟတ်ယာဉ်က ပျက်ကျခဲ့ပြီး သူနဲ့ နောက် လိုက်ပါလာတဲ့သူ ၉ ဦးသေဆုံးကာ ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အယ်လ်ဂီယိုမာရက်ဝက်ကောင်တီမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပျံတက်ပြီး မကြာခင်မှာပဲ့ ပျက်ကျခဲ့တာဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။

စစ်ဦးစီးချုပ်သေဆုံးခဲ့ရတာနဲ့ ပက်သက်ပြီး အလွန်ဝမ်းနည်းမိတယ်လို့ ကင်ညာသမ္မတ ဝီလီယံရူတိုက ဆိုထားပါတယ်။

ဗိုလ်ချုပ်ကြီး အိုဂိုလာဟာ ကင်ညာစစ်တပ်အကြီးအကဲအဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပက်သက်လို့ နိုင်ငံတဝန်းမှာ ဧပြီလ ၁၉ ရက်နေ့ကစပြီး အလံတွေကို တိုင်တစ်ဝက်လွှင်ထူကာ သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: CNN

………………………………..

လူသန်းတစ်ထောင်နီးပါး မဲပေးမည့် အိန္ဒိယရွေးကောက်ပွဲ စတင်ကျင်းပ

ကမ္ဘာမှာ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဧပြီလ ၁၉ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။

မဲပေးခွင့်ရှိတဲ့ လူဦးရေက ၉၆၉ သန်းအထိရှိနေပြီး ရွေးကောက်ပွဲကိုလည်း အချိန် ၆ ပတ်ကျော်ကြာ ကျင်းပသွားမှာပါ။

ဒါကြောင့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲတစ်ခုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ သားသမီးတွေ ဦးဆောင်ထားတဲ့ INDIA (Indian National Developmental Inclusive Alliance) ညွှန့်ပေါင်းအဖွဲ့ပါတီနဲ့ လက်ရှိဝန်ကြီးချုပ် နာရမ်ဒြာ မိုဒီရဲ့ BJP ပါတီနှစ်ခု အဓိက အားပြိုင်ကြမှာပါ။

မိုဒီရဲ့ BJP ပါတီကို ယှဉ်ပြိုင်နိုင်ဖို့ အိန္ဒိယရဲ့ အကြီးဆုံးအတိုက်အခံပါတီကြီး ဖြစ်တဲ့ အမျိုးသားရေးကွန်ဂရက်ပါတီနဲ့ ပါတီပေါင်း ၂၀ ကျော်က လာရောက်ပူးပေါင်းထားပြီး INDIA ညွန့်ပေါင်းပါတီဖွဲ့ထားကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူထုစစ်တမ်းတွေအရတော့ လက်ရှိဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီနဲ့ သူ့ရဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေကသာ နေရာအများစု အနိုင်ရရှိနိုင်တယ်လို့ ပြထားပါတယ်။

အိန္ဒိယနယ်အသီးသီးမှာ ရွေးကောက်ပွဲကို ၇ ရက်ကျင်းပသွားမှာပါ။

ရွေးကောက်ပွဲရလဒ်ကိုတော့ ဇွန်လ ၄ ရက်နေ့မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အစ္စရေးက အီရန်ကို လေကြောင်းက စတင်တိုက်ခိုက်

အစ္စရေးဘက်က အီရန်နိုင်ငံကို လေကြောင်းက တန်ပြန်တိုက်ခိုက်မှုတစ်ခု ဒီနေ့မှာ စတင်ခဲ့ပါပြီ။

ဒါကို အမေရိကန် အာဏာပိုင်တွေက အတည်ပြုထားတာပါ။ အစ္စရေးဘက်ကတော့ ဘာမှ မဖြေကြားသေးပါဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ အီရန်က အဝေးထိန်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အီရန်ကို ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက လက်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံ အစ်ဖာဟန်မြို့က လေတပ်စခန်းအနီးနားမှာ ပေါက်ကွဲသံတွေကြားခဲ့ရတာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ အီရန်ဖက်က လေကြောင်းကာကွယ်ရေးဒုံးလက်နက်တွေနဲ့ ဒုံးကျည်သုံးခုကို ပစ်ခတ်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ထိခိုက်မှုတော့ မရှိဘူးလို့ အီရန်စစ်ဘက်ဗိုလ်ချုပ်တစ်ဦးက ပြောကြားထားပါတယ်။

တိုက်ခိုက်ခံရတဲ့ အီရန်နိုင်ငံ အစ်ဖာဟန်ဒေသဟာ အီရန်ရဲ့ နျူကလီးယားထုတ်လုပ်ရေးကြိုးပမ်းတဲ့ စက်ရုံတွေ တည်ရှိတဲ့ ဒေသဖြစ်ပါတယ်။

နျူးကလီးယားစက်ရုံတွေကို တိုက်ခိုက်လာရင် ချက်ချင်း တန်ပြန်တိုက်ခိုက်မယ်လို့ အီရန်ဖက်က ဧပြီလ ၁၈ ရက်နေ့ကပဲ သတိပေးထားတာပါ။

အစ္စရေးက တိုက်ခိုက်မှုမလုပ်ခင်မှာ အမေရိကန်ကို အသိပေးတယ်လို့ အမေရိကန်အရာရှိက အတည်ပြုထားပါတယ်။

Ref: CNN

………………………………..

ယူကရိန်းကို ကူညီရေး G-7 ဝန်ကြီးတွေ ဆွေးနွေး

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံ ခုခံနိုင်အောင် အကူအညီပေးဖို့ ဧပြီလ ၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးပွဲကို အီတလီနိုင်ငံ Capri ကျွန်းမှာ ကျင်းပခဲ့တာပါ။

ဒါ့အပြင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ရေးအကူအညီတွေ ထပ်ပေးအောင် တောင်းဆိုဖို့ Capri ကျွန်းကိုရောက်နေပါသေးတယ်။

လေကြောင်းရန်ကာကွယ်တဲ့စနစ်နဲ့ Missile ဒုံးတွေ ထပ်ပေးအောင် အဓိကတောင်းဆိုဖို့ လာရောက်တာပါ။

G7 အနေနဲ့ လေကြောင်းရန်ကာကွယ်တဲ့ လက်နက်တွေ ပေးနိုင်တဲ့ အင်အားရှိပါတယ်လို့လည်း ယူကရိန်းဘက်က ဆိုထားပါတယ်။

Ref: REUTERS

………………………………..

ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်မှု အစ္စရေးကို ကုလသတိပေး

ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာမှုအကူအညီတွေ ဖြန့်ဝေပေးနေတာကို အစ္စရေးက ကန့်သတ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဂါဇာမှာရှိတဲ့ အရပ်ဘက်အဆောက်အဦးတွေကိုလည်း အစ္စရေးက ဖျက်ဆီးနေတယ်လို့ ဆိုထားတာပါ။

ဂါဇာမှာ တိုက်ပွဲတွေ ချက်ခြင်းအပစ်အခတ်ရပ်စဲပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကိုလည်း အဟန့်အတားမရှိ ချက်ခြင်း တင်ပို့ခွင့်ပြုဖို့ လူ့အခွင့်အရေးမဟာမင်းကြီးက သတိပေးထားပါတယ်။

Ref: OHCHR

………………………………..

ဖိလစ်ပိုင်တွင် စိတ်ကြွဆေး ၂ တန်နီးပါး ဖမ်းဆီးရမိ

ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ်မှာ ဒေါ်လာ သန်း ၂၃၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁ ဒသမ ၈ တန် ကို ဧပြီလ ၁၅ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဆေးပြားတွေတင်လာတဲ့ ကားမောင်းသမားကိုတော့ ဖမ်းဆီးထားပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးတွေက ဘယ်ကလာတယ်ဆိုတာကို ရဲတပ်ဖွဲ့က ဆက်ပြီးစစ်ဆေးနေသလို ပြည်တွင်းကတော့ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဒီဖမ်းဆီးရမိခဲ့မှုကတော့ လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မှုမရှိဘဲ စံချိန်တင် မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ယခုသမ္မတလက်ထက်မှာ မူးယစ်ဆေးဝါးနဲ့ ပက်သက်တဲ့ သတ်ဖြတ်မှုတွေကြောင့် လူ ၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။

Ref: CNA

………………………………..

ပါလက်စတိုင်း ထောက်ခံသူများ အမေရိကန်တွင် ဆန္ဒပြ

ပါလက်စတိုင်း ထောက်ခံသူတွေ အမေရိကန်က မြို့ကြီးတစ်ချို့မှာ ဧပြီလ ၁၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် လေဆိပ်တွေ၊ အဝေးပြေးလမ်းတွေနဲ့ တံတားတွေ ယာယီပိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု Illinois ပြည်နယ်၊ California နဲ့ New York ပြည်နယ်တွေမှာ အဝေးပြေးလမ်းတွေ၊ တံတားတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

ချီကာဂိုမြို့က O’Hare အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ San Francisco က Golden Gate နဲ့ နယူးယောက် Brooklyn တံတားတွေလည်း ဆန္ဒပြပွဲတွေကြောင့် ယာယီပိတ်ခဲ့ရပါတယ်။

ပါလက်စတိုင်းဒေသကို စီးပွားရေးအရ ပိတ်ဆို့တားဆီးထားတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြသူတွေက လက်ချင်းချိတ်ပြီး လမ်းတွေမှာ ပိတ်ဆို့တားဆီးခဲ့ကြတာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ထိုင်းမှာ ဆုန်ကရမ်ပွဲတော် ကျင်းပ

ထိုင်းနိုင်ငံမှာ ဆုန်ကရမ်ပွဲတော် ဆင်နွှဲမှုတွေကို ဧပြီလ ၁၂ ရက်နေ့ကနေ စတင်ကျင်းပနေခဲ့ပါတယ်။

ထိုင်းဘာသာနဲ့ ဆွန်ခရန်လို့ခေါ်တဲ့ ရေကစားပွဲတော်ကို ဆင်နွှဲဖို့ နိုင်ငံတကာက ခရီးသွားတွေလည်း သီးခြား လာရောက်ကြတာပါ။

၂၀၂၄ ဆုန်ကရမ်ပွဲတော်ကို ယူနက်စကိုအသိအမှတ်ပြုခံရတဲ့ အထိမ်းအမှတ်အနေနဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပနေတာပါ။

ဒီတပတ်ထဲမှာတော့ ထိုင်းခရိုင်တော်တော်များများမှာ ဆုန်ကရမ်ပွဲတော်ကို စည်ကားစွာ ကျင်းပနေတာဖြစ်ပါတယ်။

ထိုင်းဆုန်ကရမ်ပွဲတော်မှာ အချင်းချင်း ရေပက်ရေကစားရုံမက ဘုရားရေသပ္ပာယ်တာ သက်ကြီးပူဇော်တာတွေနဲ့ အစားအသောက်ကျွေးမွေးတာတွေကိုလည်း ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

Ref: The Nation

………………………………..

စင်္ကာပူဝန်ကြီးချုပ် တာဝန်က အနားယူတော့မည်

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က မေလ ၁၅ ရက်နေ့မှာ ရာထူးကအနားယူမှာဖြစ်ပါတယ်။

ဒုတိယဝန်ကြီးချုပ် Lawrence Wong ကိုရာထူးလွှဲပြောင်းပေးသွားမယ်လို့လည်း ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ဒုတိယဝန်ကြီးချုပ် Lawrence Wong က မေလ ၁၅ ရက်နေ့မှာပဲ ကျမ်းသစ္စာကျိန်ဆိုသွားမယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာထားပါတယ်။

ဝန်ကြီးချုပ်က အနားယူတော့မယ်ဆိုတာကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပြောဆိုထားတာပါ။

စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် Lee Kuan Yew ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် Lee Hsien Loong က အသက် ၅၂ နှစ်အရွယ် ၂၀၀၄ ခုနှစ် သြဂုတ်လတုန်းက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Ref: CNA

………………………………..

တရုတ်သိပ္ပံပညာရှင်တွေက ကမ္ဘာ့ပထမဆုံး ပန်းပွင့်မှ ဓာတုဗေဒစိန်ကို ဖန်တီး

တရုတ်သိပ္ပံပညာရှင်တွေက ကမ္ဘာ့ပထမဆုံးအနေနဲ့ ပန်းပွင့်ကနေ ဓာတုဗေဒစိန် ဖန်တီးနိုင်ခဲ့ပါတယ်။

အနီရောင် ပီယာနီပန်းပွင့်ကနေ ကာဗွန်ထုတ်ယူပြီး ဖန်တီးထားတဲ့စိန်ကို ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ပြသခဲ့တာပါ။

ပီယာနီပန်းပွင့်ကနေ ဖန်တီးထားတဲ့စိန်က ၃ ကာရက်ရှိပြီး ဓာတုဗေဒစိန်တွေ ဖန်တီးတဲ့ Luoyang Time Promise ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

နှစ်သက်တမ်း ၅၀ ရှိတဲ့ ပီယာနီပန်းပင်တွေအပါအဝင် ကျန်လိုအပ်တဲ့ ပန်းတွေကို လျှို့ယန်အမျိုးသား ပီယာနီဥယျာဉ်က ပံ့ပိုးပေးခဲ့ပါတယ်။

ပန်းပွင့်ကနေ ကာဗွန်ထုတ်ယူပြီး အပူချိန်ပြင်းပြင်း၊ ဖိအားပြင်းပြင်းနဲ့ စိန်ရဲ့ ကာဗွန်တည်ဆောက်မှုပုံစံအတိုင်း တည်ဆောက်ထားတာဖြစ်ပါတယ်။

Ref: China Daily

………………………………..