ကျွန်းစုတွင် တစ်နေကုန် တိုက်ပွဲဖြစ်

0
846
ပုံစာ - မတ်လ ၁၁ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျုစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ အကြား ၁၂နာရီကျော်အကြာတိုက်ပွဲဖြစ်ပွားကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ထံမှ သိရသည်။

မတ်လ ၁၁ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိကြောင်း အထက်ပါစစ်ကြောင်းထံမှ သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးသွားပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ နှင့် ပျုစောထီး ၅၀ ဦးခန့် စစ်ကူရောက်လာသည့်အပြင် လက်နက်ကြီး အချက်ရေ ၂၀ကျော်ပစ်ကူပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“စစ်ကူလာတာရှိပေမယ့် ပျုစောထီးတွေက ပိုများနေတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူးပေါ့” ဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

တိုက်ပွဲကြောင့် ဒေသခံအရပ်သားများ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် အဆိုပါတပ်စခန်းတွင် စစ်ကောင်စီတပ်က အင်အားပြန်လည်ဖြည့်တင်းနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအား မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ ဝင် တပ်ဖွဲ့များဖြစ်သည့် တနင်္သာရီမြို့နယ်ပကဖ၊ မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပျံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့၊ Dragon Squadဒရုန်းအဖွဲ့တို့ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့တို့ထံမှ သိရသည်။

မတ်လ ၅ရက်နေ့ကလည်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ နှင့် စစ်ကောင်စီတို့ ဂျိုးတောင်ရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။