ကံပေါက်တွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ကားသမားနှစ်ဦး ထပ်မံဖမ်းဆီးခံရ

0
397
ပုံစာ - နတ်အိမ်တောင်စခန်းပေါ်မှ မြင်ရသည့် တိုတယ်ကုမ္ပဏီ (ရတနာစီမံကိန်း) ရုံးနှင့် ရတနာပိုက်လမ်းကြောင်း (ပုံအဟောင်း) ဓာတ်ပုံ – Htet Aung Kyaw

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ မြသီတာရပ်ကွက်နှင့် ဂန့်ဂေါ်တောင်ရွာတို့တွင် နေထိုင်သည့် ကာသမားနှစ်ဦးကို မောရဝတီ ရေတပ်က ဧပြီလ ၅ ရက် နံနက်အစောပိုင်းတွင် နေအိမ်တို့၌ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

အဖမ်းခံရသူနှစ်ဦးသည် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၏ ပိုက်လိုင်းဆောက်လုပ်ရေးလုပ်ငန်းအချို့ကို တာဝန်ယူဆောင်ရွက်နေသည့် Pro paragon ဆောက်လုပ်ရေးကုမ္ပဏီက ယာဥ်မောင်း ဦးသန်းဦးနှင့် ကိုအောင်မျိုးတို့ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းတို့နှစ်ဦး ဖမ်းဆီးမခံရမီ ဇောတိက-ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ယာဥ်မောင်းဝန်ထမ်း နှစ်ဦးဖြစ်သည့် ဦးကိုနိုင်နှင့် ဦးမင်းလွင်ဦးတို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် မောရဝတီရေတပ်က ဖမ်းဆီးခဲ့သေးသည်။

အဆိုပါ အဖမ်းခံရသူလေးဦးစလုံးသည် နတ်အိမ်တောင်ဒေသရှိ သဘာဝဓာတ်ငွေ့စီမံကိန်းစခန်းများသို့ သွားရောက်ရသည့် ယာဥ်မောင်းများ ဖြစ်ကြသည်။

“နတ်အိမ်တောင် (ဘာနီတောင်) သွားတဲ့ကားသမားတွေကို PDF တွေအတွက် စားစရာတွေယူသွားပေးနေတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းနေတာ။ တခြားကားသမားတွေလည်း ကြောက်နေရတယ်” ဟု ကံပေါက်ဒေသခံ ယာဥ်မောင်းတစ်ဦးက ပြောသည်။

ကံပေါက်ဒေသအေခြစိုက် မောရဝတီရေတပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ ဧပြီလဆန်းအထိ ဒေသခံ ၂၅ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၁၂ ဦးထက်မနည်းမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။