ရေဖြူ ဖြူနပ်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
419

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဖြူနပ်ရွာတွင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ဥယျာဥ်ခြံထဲရှိ အိမ်တွင် ဧပြီလ ၆ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူသည် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာသား ကိုအာလူးဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရဖူးပြီး ပြန်လွတ်လာသူလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းသည် ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာသူနှင့် အိမ်ထောင်ကျပြီးနောက် ဖြူနပ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လာပစ်သတ်သွားတာက ဘယ်သူလာသတ်သွားလဲ မသိဘူး။ အခုက ပြောရလဲခက်ခက် ။ အဖွဲ့အစည်းတွေက လုပ်တာလား။ သူနဲ့ပဋိပက္ခဖြစ်ဖူးတဲ့သူတစ်ယောက်ယောက်ကပဲ လုပ်တာလားမသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦက ပြောဆိုသည်။

Dawei Watch က တွေ့ရသည့် ဓာတ်ပုံတစ်ပုံထဲတွင် အိမ်ရှေ့မျက်နှာစာ၌ လုံချည်နှင့် အဖြူရောင်အင်္ကျီကို ဝတ်ထားပြီး ခါးပတ်အိတ်ပတ်ထားသော အမျိုးသားတစ်ဦး ထိုင်လျက်ခေါင်းငိုက်စိုက်ကျ သေဆုံးနေသည်ကို တွေ့ရသည်။

အဆိုပါအမျိုးသားအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက် ပစ်ခတ်သတ်ဖြတ်သွားသည်ကို အတည်ပြုနိုင်သေးပေ။