ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည့် မြန်မာလုပ်သား ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

0
1384

နိုင်ငံကူးလက်မှတ်တွင် ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသော မြန်မာအလုပ်သမား ၂၀ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် မလေးရှားသို့ သွားရန် ပွဲစားခ တစ်ဦးစီအတွက် ဘတ် ၁၂၀၀၀၀ ပေးချေထားသော်လည်း ပွဲစားများက ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ထုပေးခဲ့ကာ ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်သို့ ဘတ်စ်ကားဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မလေးရှားနယ်စပ်သို့ ဆက်သွားရန် အုပ်စုလိုက် ကားစောင့်နေချိန် နံနက် ၁ နာရီခွဲခန့်တွင် လဝက ရဲတပ်ဖွဲ့များက လာရောက် စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ကန်ချနဘူရီလမ်းကြောင်းမှတစ်ဆင့် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်ရှိ တည်းခိုခန်းတွင် တစ်ညအိပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းအချိန်တွင် ပွဲစားများက အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်များကိုယူ၍ ပြည်ဝင်ခွင့်တုံးကို ထုပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့များ စစ်ဆေးချိန်တွင် အဆိုပါပြည်ဝင်ခွင့်တုံးသည် သုဝဏ္ဏဘူမိလေဆိပ်က လဝကအရာရှိများ၏ ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို တရားမဝင် ဝင်ရောက်မှု၊ အတုပြုလုပ်မှု၊ ပြည်ဝင်ခွင့် တံဆိပ်တုံးအတု အသုံးပြုမှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြထားသည်။

Ref: Bangkok Post, MGR Online, Naewna