အရှေ့တောဒေသတွင် မိုင်းဆက်တိုက်နင်းမိသဖြင့် ဒေသခံများ တောင်ယာထဲမသွားရဲ

0
479

ထားဝယ်အရှေ့တောဒေသ ဖောင်းတောရွာက မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားပြီးနောက် ဒေသခံများ တောတောင်၊ ဥယျာဉ်ခြံထဲ မသွားမလာရဲဖြစ်နေကြကြောင်း ဒေသခံအချို့က ပြောသည်။

အောက်တိုဘာလ ၂၅ ရက်တွင် ဖောင်းတောရွာက အသက် ၇၀ နှစ်ဝန်းကျင် အမျိုးသားကြီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဒူးပြတ်တောက်ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း ဒေသခံအချို့ ဆိုသည်။

ယင်းနောက် အောက်တိုဘာလ ၂၆ ရက်တွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ၂၇ ရက်တွင်လည်း နွားတစ်ကောင် မိုင်းနင်းမိသဖြင့် ခြေတစ်ဖက် ပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မိုင်းနင်းမိသည့် နေရာများသည် ရွာသူ ရွာသားများသွားလာတတ်သည့် တောတောင်၊ ဥယျာဉ်ခြံ အနီးဝန်းကျင် အနီးတဝိုက်တွင် ဖြစ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“စိုးရိမ်တာပေါ့။ မလုံမခြုံသလို ခံစားရတာကိုး။ ဥယျာဉ်ခြံလည်း သွားမရဘူး။ အခုချိန်ကလည်း ခြံရှင်းရမယ့် အချိန် ဖြစ်နေတာကိုး။ ခြံထဲကို သွားရမလို မသွားရမလိုလိုဖြစ်နေတယ်။ (တောင်ယာ) စပါးကလည်း သွားရိတ်ရတော့ မယ်လေ။ စပါးသွားရိတ် ရဲမလား မရိတ်ရဲဘူးလား အဲဒီလိုမျိုး ကြောက်နေကြတာပေါ့” ဟု ၎င်းက ဆိုသည်။

အရှေ့တောဒေသတွင် အောက်တိုဘာလ တတိယပတ်အတွင်း ကော်သူးလေအာမီက ရဲဘော်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိပြီး ဒူးအောက်ပိုင်း ပြတ်တောက်ကာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောသည်။

“ရွာသားတွေလည်း ထိကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ပြောလာကြတယ်။ မိုင်းတွေက လယ်ကွင်းတွေထဲ စပါးခင်းတွေထဲမှာလည်း ရှိတယ်တဲ့။ အခုက စပါးရိတ်ရမယ့် ရာသီမှာတောင် စပါးခင်းတွေထဲ မသွားရဲကြဘူး။ မိုင်းတွေထိမှာ ကြောက်လို့” ဟု ၎င်းက ဆိုသည်။

ဖောင်းတောရွာက ဒေသခံများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံများမှာ တောင်ယာစပါး သွားမရိတ်ရဲသူများ ရှိသလို ဥယျာဉ်ခြံထဲ မသွားရဲခြင်း၊ ငါးရှာဖားရှာ၊ တောကောင်ရှာခြင်းတို့ကိုလည်း မလုပ်ရဲဖြစ်လာကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါမိုင်းများမှာ မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးပေ။
မိုင်းဖြစ်စဉ် ဖြစ်ပွားသည့်နေရာတို့သည် KNU တပ်မဟာ (၄) နှင့် ကော်သူးလေတပ်မတော်တို့ အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း အရှေ့တောဒေသတွင်လှုပ်ရှားသည့် ပကဖ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

မိုင်းထောင်ထားသည့် နေရာများကို မသွားလာကြရန် အသိပေးခြင်း မရှိဘဲ ဒေသခံများမှာ တစ်ဆင့်စကားဖြင့် မည်သည့်နေရာတဝိုက်သို့ မသွားရန်သာ ပြောဆိုမှုမျိုးသာ တွေ့ရကြောင်း ဖောင်းတောကျေးရွာအနီး ပျားသားချောင်းက ဒေသခံအမျိုးသမီးက ဆိုသည်။

အရှေ့တောဒေသ နေရာအချို့တွင် ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့က လက်နက်ကိုင်အဖွဲ့များထောင်ထားသည့် မိုင်းများကို ပြန်ဖော် မဖော် သေချာမသိရသော်လည်း ယခုနောက်ပိုင်းလှုပ်ရှားနေသည့် အဖွဲ့များမှာမူ ထောင်ထားသည့် မိုင်းများကို ပြန်လည်ဖြုတ်သိမ်းကြောင်း ပကဖအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။