ရေရှားချိန် ကောင်းမွန်တဲ့ သောက်သုံးရေ ရရှိဖို့

0
1016

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခ၊ တိုက်ပွဲနှင့် ကုန်ဈေးနူန်းကြီးမြင့်သည့်ဒဏ်ကို အလူးအလဲခံစားနေရချိန် ကပ်ဘေးတစ်ခုက ထပ်မံရောက်ရှိလာနေပြီဖြစ်သည်။

ယင်းမှာ အလွန်ပူပြင်းခြောက်သွေ့ပြီး အဖျက်မိုးရွာသွန်းနိုင်သည့် အယ်လ်နီညိုဟုခေါ်သည့် ရာသီဥတုကပ်ဘေး ဖြစ်သည်။

အစွန်းရောက်ရာသီဥတုဖြစ်သည့် အယ်လ်နီညိုကပ်ဘေးကြောင့် အပူချိန်မြင့်တက်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးခြင်း၊ အခါလွန်မိုးရွာသွန်းခြင်း စသည့် မူမမှန်သည့် ရာသီဥတုဖြစ်စဉ်များအပြင် ရောဂါဘယထူပြောမှုများ ကြုံတွေ့ရဖွယ်ရှိသည်။

အီကွေတာနှင့်ပိုနီးသည့် တနင်္သာရီတိုင်းက အယ်နီညို၏ ဒဏ်ကို ပိုခံရနိုင်ကြောင်း မိုးဇလပညာရှင်များက ခန့်မှန်းထားကြပါတယ်။

ယင်းအစွန်းရောက်ရာသီဥတုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကြာမြင့်နိုင်ပြီး နှစ်စဉ်ပျမ်းမျှအပူချိန်ထက် ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ပိုပူနိုင်ကြောင်း ပညာရှင်များက မှန်းဆထားကြသည်။

ပုံမှန်ရာသီဥတုအချိန်မှာပင် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊မြိတ်နှင့် ကော့သောင်းဒေသအများစုတွင် နွေရာသီရောက်တိုင်း ရေရှားလေ့ရှိရာ လာမည့်နှစ်တွင် ‌ပိုမိုခံရဖွယ်ရှိသည်။

ယင်းကြောင့် အပူရှိန်ပိုပြင်းမည့် အယ်နီညိုရာသီဥတုဖြစ်နေချိန် သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက် ရေစုဆောင်းသိုလှောင်ခြင်းများ ပိုမိုလုပ်ဆောင်ကြရမည်ဖြစ်သည်။

ယင်းသို့ရေချိုစုဆောင်းရာတွင်လည်း နည်းစနစ်မကျပါက သွေးလွန်းတုပ်ကွေးကဲ့သို့ရောဂါများ ဖြစ်ပွားမှု ပိုများလာနိုင်သည်။

ထိုကြောင့် ကျန်းမာရေးအတွက် ဘေးကင်းသည့် ရေသိုလှောင်ရေးစနစ်နှင့် သိုလှောင်ထားသည့်ရေကို သောက်သုံးချိန် အန္တရာယ်ကင်းစေမည့် နည်းလမ်းများကို ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။

DW ။ မိုးဇလပညာရှင်တွေရဲ့ပြောစကားအရဆိုရင် အခုက အယ်နီညိုရာရာသီဥတုစနေပြီပေါ့နော်ခင်ဗျား။ ဆိုတော့ အယ်နီညိုကာလကလည်း အချိန်ကြာမှာဆိုတော့ ရေရှားပါးတာတွေလည်း ဆက်တိုက်ကြုံရဖို့ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ရေရှားပါးတာ သက်သာအောင် ရေချိုသိုလှောင်စုဆောင်းတာတွေ လုပ်ကြတော့မယ်ဆိုတော့ ကျန်းမာရေးရှုထောင့်ကနေ ဘေးကင်းတဲ့ ရေသိုလှောင်နည်းနဲ့ သုံးစွဲရမယ့် နည်းလမ်းတွေကို ရှင်းပြပေးပါခင်ဗျား။

ဖြေ ။ အများအားဖြင့် သောက်ရေအတွက် သိုလှောင်မယ်ဆိုရင် အဓိကကတော့ ပုံးတွေနဲ့ သိုလှောင်တာကိုး။အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ ဖော်မြူလာက ရှင်းရှင်းလေးပဲ။ လုံအောင်အုပ်။ သုံးမယ်ဆိုရင်လည်း တစ်ပုံးကုန်အောင်သုံး။ သုံးပြီးရင်လည်း (ပုံး)ကိုမှောက်ထား။ သောက်ရေအတွက်ပေါ့နော်။ ကန်တွေနဲ့သိုလှောင်မှာလား ။ရေကန်ကြီးတွေတူးပြီး သိုလှောင်တာတွေ ရှိတယ်ခင်ဗျား။ သောက်သုံးရေကန်ဆိုပြီးတော့လေ ရွာတွေမှာလေ။ ဆိုရင် ကျွန်တော်တို့က လောက်လန်း(ပိုးလောက်လန်း)စားတဲ့ ငါးထည့်ပေးရတော့မယ် အနည်းဆုံးတော့။

အဲဒါမထည့်ချင်ရင် နောက်တစ်နည်းက အရင်တုန်းက ကျောင်းတွေမှာလေ ကျောက်စည်(ဘိလပ်ကွင်း)တွေ ဆက်ပြီး ရေတွေသိုလှောင်တယ်လေ။ အဲဒါတွေဆိုရင် လုံအောင်အုပ်လိုက် ဒါမှမဟုတ် ကလိုရင်းခတ်။ လုံအောင်အုပ်ဖို့ကျတော့ အချို့ကျောက်စည်တွေက မလွယ်ဘူးလေ။ အဲတော့ကလိုရင်းထည့်ပြီး သိုလှောင်ပေါ့နော်။ ကလိုရင်းရေကျတော့ လူထုက မကြိုက်ဘူးခင်ဗျား။ အဲလိုပြဿနာတွေရှိတယ်။

သောက်ရေအတွက်ပဲ ပြောနေတာနော်။ ရေကန်ဆိုရင် (ပိုး)လောက်လန်းစားငါးမွေး။ သောက်ရေကိုတော့ ကျိုချက်ပြီးသောက်။ နို့မဟုတ်ရင် ဝမ်းပျက်ဝမ်းလျောတွေဖြစ်လာမယ်။ သူကအပွင့်(ရေပြင်ကျယ်)အကြီးထဲမှာ ထားတာဖြစ်တဲ့အတွက် လောက်လန်းစားငါးတွေမွေးထားတာ ဖြစ်တဲ့အတွက် ငါးသေတာတွေလည်း ဖြစ်နိုင်တယ်။ ငှက်တွေပြုတ်ကျတာလည်း ဖြစ်နိုင်တယ်။ ငှက်မစင် စွန့်ထားတာလည်း ဖြစ်နိုင်တယ်။ အင်းဆက်တို့သေတာတွေ ကပ်ပါးကောင်တို့သေတာတွေ ဖြစ်နိုင်တာပေါ့နော်။

ပုံးတွေနဲ့ ခံ(သို)ထားတဲ့ ရေတွေပေါ့။ ဥပမာ ၅ ဂါလံပုံးတွေနဲ့ သိုလှောင်တဲ့ဟာတွေရှိတယ်ပေါ့နော်။ အဲဒါတွေကျတော့ ရေသန့်ကို ပုံးသန့်သန့်မှာ သိုလှောင်ရင် ပြန်ကျိုစရာမလိုဘူး။ ရေသန့်ဘူးတွေဝယ်ပြီးသိုရင် ပြန်ကျိုစရာမလိုဘူး။ အဲလိုမဟုတ်ဘူး မိုးရေကို သိုလှောင်ထားမယ်ဆိုရင် ပြန်ကျိုပြီးသောက်ရမယ်။ အခုခေတ်ပြဿနာက ကလိုရင်းကလည်း ပေါပေါများများရမယ်မထင်ဘူး ခင်ဗျား။

ကလိုရင်းခပ်သောက်ရမယ့် Dose ရှိတယ်ခင်ဗျား။ ဘယ်နှစ်လီတာကို ဘယ်လောက်ရာခိုင်နှုန်းပါတဲ့ ကလိုရင်းခတ်သောက်ပါ ဆိုတာရှိတယ်ခင်ဗျား။ ကလိုရင်းအပေါ်မှာမူတည်ပြီးတော့ ဘယ်လောက်လီတာမှာ ဘယ်လောက်ထည့်သောက်ရမယ်ဆိုတာ ပြန်ရှာရမယ်ခင်ဗျား။အဲတော့ လောက်လန်းစားငါးတွေ ထည့်ထားတဲ့ဟာကတော့ သေချာတယ် ကျိုသောက်ရမယ်။ ဒါမှမဟုတ်ရင် ကလိုရင်း ထည့်သောက်ရမယ်။

DW ။ ပြီးခဲ့တဲ့နှစ်ကလည်း နွေရာသီမှာ ရေသိုလှောင်တဲ့ဟာများပြီး သွေးလွန်တုပ်ကွေးဖြစ်တာတွေလည်း အများကြီးတွေ့ရတာပေါ့။ ဆိုတော့အခုနှစ်မှာ ဒီလိုမျိုးတွေမဖြစ်ဖို့ ဘာတွေကြိုပြင်ရမလဲခင်ဗျား။

ဖြေ ။ (ရေသိုလှောင်ထားချိန် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားခြင်း) သွေးလွန်တုပ်ကွေးဖြစ်တယ်မဟုတ်လား။ အဓိကပြဿနာက ရေဝပ်လို့ဖြစ်တဲ့ပြဿနာတွေပေါ့နော်။ဥပမာ ကန်ဖော်ထားတယ်။ ကန်ပတ်လည်မှာ ရေဆင်းကောင်းအောင် မလုပ်ထားဘူး။ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေတယ်။ဒါမှမဟုတ် ခြံစည်းရိုးပင်တွေ ကန်တော့ပင်တွေ ရှိနေတယ်။အဲလိုအပင်တွေ ပေါက်လာရင် သန့်ရှင်းရေးလုပ်ရမှာပေါ့ခင်ဗျား။

မိုးမတိုင်ခင်မှာ ဖုံးသွန်လဲစစ်ဆိုတာ ရှိတယ်မဟုတ်လား။ အဲဒီလုပ်ငန်းစဉ်ကို ကောင်းကောင်းမွန်မွန်မလုပ်ဖြစ်တဲ့ပြဿနာ။ နောက်ပြီးတော့ ရေလှောင်တယ်ဆိုတဲ့နေရာမှာလည်း open (အဖွင့်ကွန်တင်နာ)တွေနဲ့လှောင်လို့ အဖုံးဖွင့်ကွန်တင်နာတွေနဲ့ လှောင်လို့ဖြစ်တဲ့ပြဿနာပေါ့ခင်ဗျား။သောက်ရေအတွက်ပဲ ပြောတာခင်ဗျား။ သုံးရေကတော့ အဆင်ပြေသလို သုံးကြတာကိုး။

DW ။ အခုပြောပြသွားတာတွေက အန္တရာယ်ကင်းကင်းနဲ့ သိုလှောင်နိုင်တဲ့ နည်းလမ်းတွေပေါ့နော်ဆရာ။ စနစ်တကျ မသိုလှောင်ထားတဲ့ရေကို သောက်မယ်ဆိုရင် ဘာရောဂါတွေဖြစ်နိုင်လဲခင်ဗျား။

ဖြေ ။ ရေနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ရောဂါတွေပေါ့ခင်ဗျား။ ဥပမာ စနစ်တကျမသိုလှောင်ဘူး ။ စနစ်တကျကျိုချက်ပြုပြင်ပြီး မသောက်သုံးဘူးဆိုရင် ဝမ်းပျက်ဝမ်းလျော၊ ကာလဝမ်း ဒါတွေက အနီးစပ်ဆုံးမြင်သာတာပေါ့နော်။ ပြီးရင် အသည်းရောင် အသားဝါ(A)တို့ဘာတို့လည်း ဖြစ်နိုင်သေးတယ်ခင်ဗျား။ အဲဒီမှာ ကြွက်သေးတွေက ရေထဲရောသွားရင် သောက်မိတဲ့ အခြေအနေမှာလည်း ဖြစ်နိုင်သေးတာကိုး။ စနစ်တကျမသိုလှောင်ဘူးဆိုရင်။ ပြီးရင် တိုက်ဖွိုက်(အူယောင်ငမ်းဖျား)ရောဂါပေါ့။ အဲဒါလည်း မသန့်ရင်ဖြစ်တတ်တယ်ခင်ဗျား။ ပြီးရင် သန်ကောင်တုတ်ကောင်တွေကြောင့် အသည်းရောင်တာတွေ ဖြစ်နိုင်တယ်။နောက်ပြီးရင် သည်းခြေအိတ်ပိတ်တာတွေဖြစ်နိုင်တယ်။ (မသန့်တဲ့ ရေကြောင့်) အဖြစ်များမှာကတော့ ဝမ်းပျက်ဝမ်းလျောရယ်၊ အထက်လှန်အောက်လျော၊ အစာအဆိပ်သင့်ဟာတွေ၊ အူယောင်ငန်းဖျားတွေ အဖြစ်များမယ်ပေါ့နော်။

(မသန့်တဲ့)ရေကြောင့်မို့လို့ သန်ကောင်တွေထပြီးတော့ ကလေးတွေက ဗိုက်ပူနံကားတွေ ဖြစ်နိုင်တယ်။ အဓိက ကျွန်တော်တို့ကြောက်တာက သေနိုင်တာကို ကြောက်တာပေါ့နော်။ အဓိကသေနိုင်တာက အထက်လှန်အောက်လျောတို့၊ ဝမ်းပျက်ဝမ်းလျောတို့၊ တိုက်ဖွိုက်တို့ အဲဒါတွေက သေနိုင်တာကိုး။အဖြစ်လည်း များတယ်လေ။

DW ။ နောက်တစ်ခုကလေ ဆရာ။ ရေသိုလှောင်တဲ့အချိန်မှာ ခြင်ပေါက်ဖွားမှုက တစ်ခုပေါ့နော်။ ရေသိုလှောင်တဲ့အချိန်မှာ စနစ်မကျဘူးဆိုရင် ခြင်ပေါက်ဖွားနိုင်တယ်ပေါ့နော်။ သူက ရေကြည်ရေသန့်ဖြစ်တဲ့အတွက် ခြင်ပေါက်ဖွားပြီးတော့ သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်။ နောက်ထပ်ရော ဘာရောဂါတွေဖြစ်လာနိုင်သေးလဲဆရာခင်ဗျား။

ဖြေ ။ သိုလှောင်ထားတဲ့အဆင့်မှာ စနစ်မကျရင် ခြင်ပေါက်ဖွားတာတို့ ဘာတို့ရှိမယ်။ရာသီဉတုပူတဲ့အချိန်မှာ ရေကန်ကြီးက အေးနေတယ်။ သတ္တဝါတွေဖြစ်တဲ့ ကြွက်တို့ မြွေတို့က ရေကန်နားလာမှာပေါ့။ ရေလာသောက်မှာပေါ့။ အဲဒီမှာ ကြွက်က ရေထဲကျသေတယ်။မြွေက အေးလို့ အဲဒီနားခွေနေတယ်။ လူက တက်နင်းမိမယ်။ ဒါကသိုလှောင်ထားတဲ့အချိန်မှာ မြွေအန္တရာယ်တို့ဖြစ်လာမယ်လေ။

DW ။ ဟုတ် အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။