ကော့သောင်းမှတစ်ဆင့် ပြည်ပပို့မည့် အိုက်စ်မူးယစ်ဆေး တစ်တန်ကျော်ဖမ်းမိ

0
1220
ဓာတ်ပုံ - CCDAC MYANMAR

တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေး တစ်တန်ကျော်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီး ခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေး ဗဟိုကော်မတီက ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅မိုင်ခန့်အကွာ ပင်လယ်ပြင်‌တွင် ရန်လင်းကျော် အမည်ရှိစက်လှေငယ် တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လှေပေါ်တွင် ကိုအောင်သိန်း (ခေါ်) ကိုဝတုတ်၊ ကိုထူးနိုင်၊ ကိုမောင်ဇော်၊ ကိုဖိုးလပြည့်တို့ လေးဦးတို့နှင့်အတူ ‌ကာလ တန်ဖိုးကျပ် သိန်းပေါင်း သုံးသိန်းခြောက်သောင်းကျော် (၃၆ဒသမ၂၅ ဘီလီယံ) တန်ဖိုးရှိ အိုက်စ်အမျိုးအစား မူးယစ်ဆေး တစ်တန်ကျော် (၁ဒသမ၄၅ တန်) ဖမ်းမိကြောင်း ဆိုသည်။

ထို့အပြင် ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း မူးယစ်‌ဆေးသယ်ဆောင်ရာတွင် ဆက်စပ်ပါဝင်သူဖြစ်သူ ကိုစိုးကျော် (ခေါ်) ကိုစိုးစိုးကျော်အား ကော့သောင်းမြို့ တွင် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးများကို ကော့သောင်းမြို့ရေပိုင်နက်သို့ ကနဦးသယ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုမှတစ်ဆင့် ကိုချစ်ထူးနိုင် (ခေါ်) ဆရာချစ် ဆိုသူနှင့် ကိုကျော်ဇင်ဦးဆိုသူနှစ်ဦးက ပြည်ပသို့ ဆက်လက်တာဝန်ခံ သယ်ဆောင်မည်ဟု ထပ်မံစစ်ဆေးပေါ်ကြောင်း အထက်ပါဗဟိုကော်မတီက ထုတ်ပြန်သည်။

အထက်ပါ လူပုဂ္ဂိုလ် ခုနစ်ဦးကို အရေးယူထားပြီး ကွင်ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်းလည်း ဆိုသည်။

ဇန်နဝါရီ ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်မှ ကော့သောင်းသို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ရှစ်သိန်းကျော်ကို ဖမ်းဆီးရမိ ခဲ့သလို ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း နိုင်ငံဖြတ်ကျော်သယ်ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေး ICE ၂၆၀၀ ကီလိုဂရမ်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့သေးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ယခုနှစ် ဇန်နဝါရီလအထိ နိုင်ငံဖြတ်ကျော်သယ်ဆောင်မည့် မူးယစ်ဆေးဝါးများကို မြန်မာ့ပင်လယ်ပြင်တွင် နှစ်ကြိမ် ဖမ်းမိခြင်းဖြစ်သည်။

အာရှမူးယစ်မှောင်ခိုဂိုဏ်းများက မြန်မာနိုင်ငံမှတစ်ဆင့် မူးယစ်မှောင်ခိုကူးရာတွင် ရေကြောင်းလမ်းကို အဓိက အသုံးပြုကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) တာဝန်ရှိသူက ၂၀၂၃ ခုနှစ် ဇွန်လတွင် ထုတ်ဖော်ပြောဆိုထားသည်။

မူယစ်ဆေးတင်ပို့ရာတွင် တနင်္သာရီပင်လယ်ပြင်သည် ဗဟိုချက်ဖြစ်လာသည်ဟုလည်း UNODC က ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားသည်။