ကျေးရွာများအတွင်း စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ကျိုက်မရောဒေသခံများ နေရပ်မပြန်ရဲသေး

0
732

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ၊ တောင်ကလေးနှင့် အနီးနားတဝိုက်ရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသည့်ဒေသခံများ နေရပ်မပြန်ရဲသေးဘဲ ဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ချောင်းနှစ်ခွဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားနိုင်ခဲ့သည့်အခြေအနေရှိခဲ့သည်။

ဒီဇင်ဘာလနောက်ဆုံးအပတ်ခန့်တွင် ချောင်းနှစ်ခွဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် လာခဲ့ပြီး KNLA ပူးပေါင်း တပ်ဖွဲ့တို့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်တို့က ချောင်းနှစ်ခွ၊ တောင်ကလေးအပါအဝင် အနီးနားတဝိုက်ရှိ ကျေးရွာတို့တွင် ဝင်ရောက် တပ်စွဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ဒေသခံများ နေရပ်မပြန်ရဲဘဲဖြစ်နေကြောင်း ဒေသခံတို့က ဆိုသည်။

“စစ်သားက ရွာထဲမှာ ရှိနေတော့ ဘယ်သူမှလည်း ရွာမပြန်ရဲဘူး။ သူတို့ကိုလည်း ကြောက်ရတယ်။ သူတို့ရှိနေတော့ တိုက်ပွဲ ဖြစ်လာမှာကိုလည်း ကြောက်နေရတယ်။ ပြီးတော့ ပြန်သွားလို့ ရိုက်နှက်ခံနေရတာလည်းရှိနေတော့ မပြန်ရဲဘူး” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ချောင်းနှစ်ခွ၊ တောင်ကလေးနှင့် အနီးနားတဝိုက်က ကျောက်ကွဲ၊ မယ်တရို၊ ဖက်တေးကုန်းအစရှိသည့် ကျေးရွာအတွင်းက နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်နေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

“အိမ်ထဲမှာရှိတဲ့ ဆိုင်ကယ်၊ TV၊ ရေခဲသေတ္တာတွေ အကုန်ယူသွားတယ်လို့ ကြားပေမယ့် မပြန်ရဲတော့ ဘာမှ မတတ်နိုင်ဘူး။ ပြန်သွားရင်လည်း အိမ်မှာ ဘာမှမရှိတော့ဘူးလား။ အိမ်အခြေအနေ ဘယ်လိုရှိနေလဲ ဘာမှမသိရဘူး” ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ မရမ်းကုန်း၊ မယ်တရို အပါအဝင် ကျေးရွာ ၂၀ ကျော်က သောင်းနှင့်ချီသည့် ဒေသခံတို့က အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဒေသခံများသည် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့ပေါ်ဘက်သို့ ပြောင်းရွှေ့သွားကြသည်ရှိသလို အချို့ကလည်း ကျိုက်မရောမြို့နယ်အတွင်းက နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများနှင့် ဘုန်းကြီးကျောင်းတို့တွင် တိမ်းရှောင်နေကြရသည်။

စစ်‌ရှောင်ကာလ နှစ်လနီးပါး ကြာမြင့်လာသည့်အတွက် စားနပ်ရိက္ခာအပါအဝင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်းလည်း ဒေသခံတို့က ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်လတာကာလ တိုက်ပွဲတွင် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်းရှိခဲ့သည်။

၎င်းအပြင် လက်နက်ကျည်ထိမှန်ပြီး နေအိမ်မီးလောင်ခြင်း၊ ထိခိုက်ပျက်စီးခြင်း အများအပြားရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။