ကျုံညှဲရွာပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ပြီးသေဆုံးဟု မွန်နှင့်တနင်္သာရီတော်လှန်ရေးအင်အားစု များဆို

0
245
ပုံစာ - ဧပြီလ ၂၃ရက်က ကျုံညှဲရွာ ပြည်သူ့စစ်အဖွဲ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ ဖြစ်ကြောင်း MSRF က ထုတ်ပြန်ထားသည်။ Photo - MSRF

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညှဲရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူနှင့် ပြည်သူ့စစ်ဒုခေါင်းဆောင်ဖြစ်သူတို့သည် ဖမ်းဆီးခံထားရစဉ် လက်နက်လုထွက်ပြေးပြီး အပြန်အလှန်ပစ်ခတ်ရာမှ ၎င်းတို့ နှစ်ဦး သေဆုံးကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးမဟာမိတ်အင်အားစုများက ထုတ်ပြန်သည်။

ကျုံညှဲရွာက ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး အဖွဲ့ဝင် ငါးဦးကို ဧပြီလ ၂၃ရက်က စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အထက်ပါအင်အားစုများက ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အဖမ်းခံရသူများအနက် သုံးဦးမှာ သာမန်အဖွဲ့ဝင်များဖြစ်သဖြင့် ဖမ်းဆီးသည့်ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်နှစ်ဦးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တရားစီရင်ရေးဌာနသို့ အပ်နှံရန် ထိန်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။

ယင်းသို့ထိန်းသိမ်းထားစဉ် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးသည် လက်နက်လုယူထွက်ပြေး သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ၎င်းတို့နှစ်ဦး သေဆုံးကြောင်း ဆိုသည်။

မဟာမိတ်အင်အားစုဘက်ကလည်း ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျုံညှဲရွာတွင် ပြည်သူ့စစ်အင်အား တစ်ဆယ်နီးပါးရှိပြီး အဓိကလှုပ်ရှားနေသည့်အဖွဲ့ဝင် ခြောက်ဦးရှိကြောင်း မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရသည်။

ဖမ်းဆီးရမိသည့် စာရွက် စာတမ်းသက်သေများအရ စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေအကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း MSRF တပ်ဖွဲ့ တာဝန်ရှိသူနိုင်နဂါးက ပြောသည်။

“ကျုံညှဲကိစ္စမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေတစ်ခုကြောင့်မဟုတ်ဘဲ စစ်ကောင်စီနဲ့အတူကတွ လက်နက်ကိုင်လှုပ်ရှားနေ လို့ အခုလိုဖမ်းဆီးအရေးယူတာလို့ ပြတ်ပြတ်သားသားပြောချင်တယ်။ နောက်တစ်ခုက စစ်မှုထမ်းဥ‌ပဒေကို အကောင်အထည် ဖော်နေတဲ့ အုပ်ချုပ်ရေးမှူးတွေရှိတယ်။ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ စစ်သားစုဆောင်းခိုင်းနေတာကို ငြင်းဆန်းတဲ့ လမ်းကို ရွေး ရပ်တန်းကရပ်ပါလို့ သတိပေးချင်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကျုံညှဲရွာ ပြည်သူ့စစ်အဖွဲ့ထံက သေနတ်ကိုးလက်၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း ထုတ်ပြန်ထားသည်။

ယင်းပြည်သူ့စစ်အဖွဲ့ဝင်များအား ဖမ်းဆီးစစ်ဆေးမှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မတ် ၂၃ ရက်ကလည်း မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုများက ရေဖြူမြို့နယ် မင်းသားရွာက ပြည်သူ့ စစ်စခန်းကုန်း ကို မီးရှို့ဖျက်ဆီးခဲ့သည်။