စစ်ကောင်စီ အင်အားတိုးချဲ့ထားသည့် ကျိုက်မရောမြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ်

0
268

စစ်ရေးပြင်းထန်နေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲကို စစ်ကောင်စီက အင်အား အလုံအရင်းဖြင့် တိုးချဲ့ထားပြီး နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံနှင့် ဒေသတွင်းစစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတို့ထံမှ သိရသည်။

ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက် အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့်အပြင် ဧပြီလ ၁၉ ရက်ကလည်း သံချပ်ကာ ကား များဖြင့် တရနာ၊ သံကလောင်ကျေးရွာဘက်သို့ စစ်ကြောင်း ထပ်မံဝင်ရောက်လာခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဒေသတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်တပ်ကတော့ ရွာတွေထဲမှာ အခိုင်အမာ နေရာဝင်ယူထားတယ်။ နှစ်ဖက် စလုံးက ရှိနေတော့ တိုက်ပွဲက ဖြစ်နေမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က ကျေးရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ဆက်တိုက် ပစ်ခတ်နေကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဓမ္မသ၊ တရနာ၊ သံကလောင်ကျေးရွာမှ နေအိမ်၊ ဘုန်းကြီးကျောင်းအချို့ မီးထပ်မံလောင်ကျွမ်းသွားသည်လည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင်လည်း မွန်-ကရင်အစပ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာထဲ စစ်ကောင်စီ က လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လေယာဉ်နဲ့ ဗုံးကြဲနေလို့ မနေ့ညကတည်းက ပြေးနေကြတယ်။ ဖြစ်လာမှ ပြေးရင် မမီဘူးလေ။ သူများပြေးရင် ကိုယ်လည်း ပြေးရတယ်။ အခြေအနေက အထုပ်အဆင်သင့်ပြင်ထားရတယ်။ သတင်းတစ်ခုခုကြားရင် အထုပ်ကောက် ပြေး အဲဒီလိုနေနေရတယ်” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီဘက်က အင်အားတိုးချဲ့ထားသလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း နယ်မြေ စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည့်အခြေအနေကြောင့် ဒေသတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာစောင့်ကြည့် နေသူတို့က သုံးသပ်သည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ကစပြီး ကော့ဘိန်းနှင့် ဆက်စပ်သည့် ဂျိုင်းမြစ်ဒေသက ကျေးရွာများထဲကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပေါင်းစုံဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့က ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး ယနေ့ထိတိုင်လည်း စစ်ကောင်စီက ကျေးရွာထဲကို လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်နေသည့်အတွက် နေအိမ်မီးလောင်မှု များ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မွန်-ကရင် အစပ် ကော့ဘိန်းကစပြီး ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ဓမ္မသ၊ တရနာ၊ သံကလောင်၊ ကော့စွယ်၊ ကော့သပ်၊ ကော့နွတ် အစရှိ သည့် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။