စစ်ကောင်စီတပ် ပစ်ခတ်၍ ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရ၊ နေအိမ်များလည်း ဖျက်ဆီးခံရ

0
958

ရေဖြူမြို့အနောက်ဖက်ကမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ပစ်ခတ်သဖြင့် ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ကပြောသည်။

ယနေ့ မတ်လ ၃ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရလိုင်းကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

“ဘုန်းကြီးကျောင်းမှာ(အာရုဏ်) ဆွမ်းကပ်ပြီးပြန်ထွက်လာတဲ့သူ တစ်ယောက်ပစ်ခံထိတယ်။ သူထွက်လာတာနဲ့ ( စစ်ကောင်စီတပ်နဲ့) တည့်တည့်တိုးတော့ ပစ်လိုက်တာ ခြေထောက် ထိသွားတယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဦးပိုသန်းဆိုသူဖြစ်ပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း ဒေသခံတို့ကဆိုသည်။

စစ်ကောင်စီတပ်သည် ရွာထဲဝင်လာချိန် လူမရှိသည့်နေ‌အိမ် အမြောက်အများကို ရိုက်ဖျက်ဝင်ရောက်ပြီး မွှေနှောက်ရှာဖွေသွားကြသည်ဟုလည်း ဒေသခံတို့က ပြောဆိုကြသည်။

“အိမ်တွေရိုက်ဖျက်ထားတာကတော့ မနည်းဘူး။ အိမ်တိုင်းနီးပါးပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ကနဦးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးဒဏ်ရာရထားကြောင်း သတင်းထွက်ပေါ်ခဲ့သေးသော်လည်း ယင်းသတင်းမမှန်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုဖြေကြားသည်။

“အဲသတင်းကြားလို့ ကျွန်တော်တို့(ဘုန်းကြီးကျောင်းကို) သွားကြည့်ပြီးပြီ။ ဘာမှမဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၅ နာရီနီးပါးတွင် ဖြေဆိုသည်။

အင်အား ၈၀ ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် ရွာတွင်းမွှေနှောက်ရှာဖွေကာ ပစ္စည်းအချို့ကို ယူဆောင်သွားပြီးနောက် သဗြေဇွန်းရွာရှိ ၎င်းတို့ယာယီစခန်းဘက်သို့ ဆုတ်သွားကြောင်း ဒေသခံတို့ကဆိုသည်။

ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီးသွားပြီးနောက်တစ်နေ့ ဖေဖော်ဝါရီလ ၂၉ ရက်မှစပြီး စစ်ကောင်စီတပ်က ရေဖြူအနောက်ဖက်ကမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလျက်ရှိသည်။