ဇမ္ဗူသီရိပရဟိတအဖွဲ့ ဦးဆောင်သူအသတ်ခံရတယ်လို့ သတင်းအမှားဖြန့်

0
1495

ထားဝယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် အသတ်ခံရတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြပါတယ်။

Subscribe လုပ်ထားသူ တစ်သောင်းလေးထောင်ကျော်ရှိတဲ့ DGF21news၊ subscribe လုပ်ထားသူ တစ်သောင်း ရှစ်ထောင်ကျော်ရှိတဲ့ Snow Queen၊ subscribe လုပ်ထားသူ သုံးထောင့်ရှစ်ရာကျော်ရှိတဲ့ ရန်ကြီးအောင် တယ်လီဂရမ်ချန်နယ်တွေကနေ သတင်းမှား ဖြန့်ဝေကြတာပါ။

စက်တင်ဘာလ ၁၉ ရက် ည ၇ နာရီနဲ့ ၈ နာရီအကြားမှာ တစ်ပြိုင်နက်တည်း ဖြန့်ဝေခဲ့ကြပြီး စက်တက်ဘာလ ၂၆ ရက်မှာလည်း အဲဒီသတင်းအမှားကို ဆက်လက်ဖော်ပြထားဆဲဖြစ်ပါတယ်။

ဦးနိုင်မျိုးသွင် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလသတင်းဟာ လူထုကြားထဲထိပါ ပြန့်နှံ့ခဲ့ပါတယ်။

ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ DVB သတင်းဌာနက ဖော်ပြတဲ့ သတင်းရဲ့ တစ်စိတ်တစ်ပိုင်းကို Screenshot ယူပြီး ဦးနိုင်မျိုးသွင်အသတ်ခံရတယ်လို့ သတင်းမှားဖန်တီးပြီး တယ်လီဂရမ်ချန်နယ် တွေက ဖြန့်ဝေကြတာပါ။

DGF21news ချန်နယ်ရဲ့ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ရန်ကြီး‌အောင်ချန်နယ်ရဲ့ ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

Snow Queen ချန်နယ်ရဲ့ ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

အဲဒီချန်နယ်သုံးခုစလုံးမှာ ဖော်ပြချက်ကို စက်တင်ဘာလ ၂၆ ရက် ည ၉ နာရီအချိန်အထိ ကြည့်ရှူသူ ၁၇၀၀၀ ဦး နီးပါးရှိပါတယ်။

အဲဒီဖော်ပြပါချက်တွေနဲ့ ပတ်သက်ပြီး Dawei Watch က အချက်လက်စိစစ်ကြည့်တဲ့အခါ သတင်းမှားဖြန့်ဝေတာ ဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရပါတယ်။

ဦးနိုင်မျိုးသွင် အဖမ်းခံရ

ဇမ္ဗူသီရိအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Dawei Defense Team-DDT (ထားဝယ်ပကဖ) နဲ့ ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့တွေက စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

စက်တင်ဘာလ ၁၆ ရက်နေ့က မြေပြိုမှုဖြစ်ပွားတဲ့ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ပြီး အရေးပေါ်ကားများနဲ့ ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး (ကြယ်တောင်) ရောက်ချိန်မှာ အဖမ်းခံရတာဖြစ်ပါတယ်။

ဦးနိုင်မျိုးသွင်အဖမ်းခံရတာနဲ့ ပတ်သတ်ပြီး Dawei Watch က ရေးသားဖော်ပြထားသည့်သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ဦးနိုင်မျိုးသွင်ကို ဖမ်း‌ဆီးပြီး စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားတဲ့ ပြည်သူ့ကာကွယ်ရေးနှစ်ဖွဲ့ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

အလားတူ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။  

ဦးနိုင်မျိုးသွင် ပြန်လွတ်လာ

ဖမ်းဆီးခံရပြီး ၁၁ ရက်အကြာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဦးနိုင်မျိုးသွင်ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်ကောင်စီထံ သတင်းပေးတာ မလုပ်ဖို့၊ ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် နောက်တစ်ကြိမ် ထဲထဲဝင်ဝင် မပတ်သက်ဖို့ ခံဝန်ထိုးခိုင်းပြီး လွှတ်ပေးလိုက်တာလို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ကိုပီတာက Dawei Watch ကို ပြောပါတယ်။

ဇမ္ဗူသီရီအဖွဲ့နဲ့ နီးစပ်သူတွေကလည်း ဦးနိုင်မျိုးသွင် လွတ်မြောက်လာတဲ့အကြောင်း အတည်ပြုကြပါတယ်။

ပြန်လွတ်လာပြီးနောက်မှာ ဦးနိုင်မျိုးသွင်ကို စစ်ကောင်စီတပ်က လာရောက်စစ်ဆေးမေးမြန်းတယ်လို့လည်း သူတို့က ဆိုပါတယ်။

အဲဒီအကြောင်းအရာကို Dawei Watch က စက်တင်ဘာလ ၂၆ ရက်မှာ “ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် ပြန်လွတ်” ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

The Tanintharyi Times ကလည်း “ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ဓာတ်ပုံအသုံးပြုမှု

DVB သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖော်ပြတဲ့ သတင်းကို screenshot ရိုက်ထားတဲ့ပုံနဲ့ တယ်လီဂရမ်ချန်နယ် ၃ ခု စလုံးကဖြန့်ဝေခဲ့ကြပါတယ်။

DVB သတင်းဌာနရဲ့ သတင်းတစ်စိတ်တစ်ပိုင်းကိုပဲ Screenshot ယူပြီး ဓာတ်ပုံအဖြစ် အသုံးပြုထားပြီး ဦးနိုင်မျိုးသွင်ကို သတ်လိုက်ပြီဆိုတဲ့အကြောင်း စာရေးပြီးတွဲတင်တာပါ။

တစ်နည်းအားဖြင့် မှန်ကန်တဲ့ အကြောင်းအရာကို ဓာတ်ပုံအဖြစ်ရယူပြီး သတင်းမှား ဖန်တီးရေးသား ဖြန့်ဝေတာပါ။

DVB သတင်းအပြည့်အစုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

Dawei Watch သုံးသပ်ချက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးနိုင်မျိုးသွင်ကို ဖမ်းဆီးခဲ့တာ မှန်ကန်ပါတယ်။ ဖမ်းဆီးစစ်ဆေးပြီး ၁၁ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးနိုင်မျိုးသွင် ပြန်လည်လွတ်မြောက်လာတဲ့ စက်တင်ဘာလ ၂၆ ရက်မှာလည်း အထက်ပါတယ်လီဂရမ်ချန်နယ်တွေက ဦးနိုင်မျိုးသွင် အသတ်ခံရတဲ့အကြောင်း ဆက်လက်ဖြန့်ဝေထားကြဆဲဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြချက်ဟာ ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရပြီး စစ်ဆေးခံ နေရချိန်မှာ တော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်ဖို့အတွက် အချိန်ကိုက် သတင်းမှားဖန်တီး ဖြန့်ဝေခဲ့တာပဲ ဖြစ်တယ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာတွေကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။