ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် ပြန်လွတ်

0
1472

ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထားသည့် ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်အား ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်တွင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က မြေပြိုမှုဖြစ်ပွားသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး (ကြယ်တောင်) ရောက်ချိန်တွင် ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်ကောင်စီထံ သတင်းပေးခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် နောက်တစ်ကြိမ် ထဲထဲဝင်ဝင် ပတ်သက်ပါက ပြင်းပြင်းထန်ထန်အရေးယူမည့်အကြောင်း ခံဝန်ထိုးခိုင်းပြီး လွှတ်လိုက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုပီတာက ဆိုသည်။

၎င်းကို လာကြိုပေးနိုင်သည့် နေရာအထိ လိုက်ပို့ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်ကလုပ်လာတဲ့ ပရဟိတလုပ်ငန်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ကြည့်ပြီးတော့ သူ့ကိုငဲ့ညှာပြီး ခံဝန်နဲ့ပဲ ပြန်လွှတ်ပေးလိုက်ရခြင်းဖြစ်တယ်” ဟု ကိုပီတာက ပြောသည်။

ဇမ္ဗူသီရိအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ဦးနိုင်မျိုးသွင် ပြန်လွတ်လာပြီဖြစ်ကြောင်း Dawei Watch သို့ အတည်ပြု သည်။

ပြန်လွတ်လာပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်သားများက ဦးနိုင်မျိုးသွင်အား မေးမြန်းစစ်ဆေးနေကြောင်း အဆိုပါ နီးစပ်သူက ဆိုသည်။

လက်ရှိတွင် ဦးနိုင်မျိုးသွင်၏ ဖုန်းနှစ်လုံးကို ယာယီသိမ်းဆည်းခဲ့ပြီး ဖုန်းအတွင်းမှ ဒေတာအချက်အလက်များကို ကူးယူပြီးပါက ပြန်ပို့ပေးရန် ရည်ရွယ်ထားကြောင်း ကိုပီတာက ပြောသည်။

ဦးနိုင်မျိုးသွင်၏ လက်ကိုင်ဖုန်းအတွင်းမှ တော်လှန်ရေးတပ်သားအချို့၏ အချက်အလက်များအား စစ်ကောင်စီတပ် အပါအဝင် နီးစပ်သူများထံ ပေးပို့ထားသည့် မှတ်တမ်းများ၊ ပြောဆိုဆက်သွယ်ထားသည့် ဖုန်းမှတ်တမ်းများလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

ပရဟိတလုပ်နေသည့်အတွက် စစ်ကောင်စီတပ်သားများထံ အကြောင်းကြားဆက်သွယ်ရသည့် ပတ်သက်မှုမျိုးကိုမူ နားလည်လက်ခံကြောင်း ကိုပီတာက ဆိုသည်။

“ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေသူတွေ၊ စစ်ကောင်စီတပ်သားတွေကို ပေးပို့တာတွေ၊ သတင်းပေးဒလန်လုပ်တာတွေကိုတော့ လုံးဝပြင်းပြင်းထန်ထန် သတိပေးတားမြစ်လိုက်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ ကာယကံရှင် ဦးနိုင်မျိုးသွင်နှင့် မေးမြန်းနိုင်ရန် Dawei Watch က ကြိုးပမ်းနေဆဲဖြစ်သည်။

ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း အရေးပေါ်လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်နေပြီး ပြည်သူအများစု အားကိုးနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။