အဖြစ်များနေတဲ့ မျက်စိနာ ဘာတွေသတိထားရမလဲ

0
1873

မိုးကုန်ခါနီး သီတင်းကျွတ်ရာသီနီးလာချိန် ရာသီအကူးအပြောင်းကြောင့် တနင်္သာရီတိုင်းအတွင်း မျက်စိနာသူများ အစုလိုက်အပြုံလိုက်ဖြစ်နေကြသည်။

မိသားစုဝင်တစ်ဦးဖြစ်ပါက တစ်အိမ်သားအားလုံးကို ကူးစက်သွားကြသလို စာသင်ကျောင်းများတွင်လည်း အဖြစ်များနေသည်။

ယခင်ကလည်း ရာသီအကူးအပြောင်းတွင် ဖြစ်လေ့ရှိသော်လည်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေလောက် များပြားခြင်းမရှိပေ။

မျက်စိနာရသည့် အကြောင်းအရင်း၊ မျက်စိနာ ကူးတတ်သလား။ မျက်စိနာလာရင် ဘာလုပ်ရမည်လဲ စသည်တို့ကို သိရှိရန်အရေးကြီးလှသည်။

ထိုကြောင့် မျက်စိနာနှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အရေးကြီးအချက်များကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန် တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။

DW – အခုတလော တနင်္သာရီတိုင်းမှာ မျက်စိနာတာတွေက အတော်များများ ဖြစ်နေကြတယ်ပေါ့နော် ဆရာခင်ဗျား။ မျက်စိနာတာက ဘာကြောင့်ဖြစ်ရတာလဲခင်ဗျား။

Dr – အဓိကဖြစ်စေတာကတော့ ဗိုင်းရပ်စ်ကြောင့်။ သူက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီးရင် နောက်ပိုင်းမှာ ဘက်တီးရီးယားက လိုက်လာရော။ ဗိုင်းရပ်စ်ဝင်လိုက်ရင် မျက်စိထဲမှာရှိတဲ့ သွေးကြောမျှင်လေးတွေ၊ အလွှာလေးတွေပေါ့လေ။ မျက်လုံးမှာရှိတဲ့ အရှေ့မှာခံထားတဲ့ အလွှာလေးတွေ ရောင်လာတဲ့အချိန်မှာ လက်ညစ်ပတ်ပတ်ကြီးနဲ့ ကိုင်လိုက်တယ်တို့၊ အဝတ်ညစ်ပတ်ပတ်ကြီးတွေနဲ့ ထိလိုက်တယ်ပေါ့လေ။ အဲဒါဆိုရင် ဘက်တီးရီးယားဝင်မယ်။ နောက်တခြားပိုးတွေပေါ့နော် ဝင်မယ်ပေါ့။

အဓိကကတော့ ဗိုင်းရပ်စ်နောက်ကို ဘက်တီးရီးယားလိုက်တာပေါ့လေ။ ဗိုင်းရပ်စ်ကြောင့် ရောင်သွားတဲ့နေရာကို လက်ညစ်ပတ်ပတ်ကြီးတွေနဲ့ အဝတ်တွေနဲ့ ကိုင်လိုက်ရင် ဘက်တီးရီးယားတွေဝင်တာပေါ့။ ဘယ်လိုခံစားရမတုန်းဆိုရင် မျက်စိထဲမှာတစ်ခုခုဖြစ်နေမယ်။ ပြီးရင်ဝါးဝါးဖြစ်နေမယ်။ ယားမယ်ပေါ့နော်။ ပြီးရင် မျက်ဝတ်(မျက်ချေး)ထွက်လာမယ်ပေါ့။ မျက်လုံး တစ်နာရီလောက်မှိတ်ထားရင် မျက်စိထဲမှာ မျက်ဝတ်တွေထွက်လာတာပေါ့လေ။

DW – မျက်စိနာတာက တစ်ယောက်နဲ့တစ်ယောက် ကူးတတ်လားခင်ဗျား။

Dr – အဲလိုမျက်ဝတ်(မျက်ချေး)တွေထွက်တဲ့အချိန်မှာ အစတုန်းကတော တစ်ဖက်ပဲ။ နောက်ကျရင် နောက်တစ်ဖက်ကို ကူးသွားနိုင်တယ်ပေါ့နော်။ ကိုယ့်မှာမဖြစ်လည်း တခြားလူတွေကိုဆီကနေ ဘယ်လိုတွေကူးနိုင်မတုန်းပေါ့။ အဓိကကတော့ မျက်စိထဲကထွက်တဲ့ မျက်ချေးတွေက အရည်တွေက တခြားသူတွေကို ကူးနိုင်တာပေါ့လေ။ အဲတော့ မျက်ချေးတွေ ထွက်လာတယ်ဆိုရင် မျက်ချေးတွေကို သေချာရေနဲ့ဆေးပေါ့နော်။ ဆေးပြီးရင် လက်ကိုလည်း ရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေးပေါ့။

ကလေးတွေ လူကြီးတွေဆို ပိုဂရုစိုက်ရမယ်။ကျောင်းမှာပဲဖြစ်ဖြစ် တစ်နေရာမှာပဲဖြစ်ဖြစ် လူစည်တဲ့နေရာမှာ ဖြစ်ပြီဆိုတာနဲ့ အဲဒီကလေးက မျက်စိကိုင်လိုက် ခုံကိုင်လိုက် တခြားပစ္စည်းကိုင်လိုက်။ နောက်ကလေးက အဲဒီနေရာတွေကို ကိုင်ပြီး မျက်လုံးကိုထိလည်းထိလိုက်ရင် ကူးကုန်ရော။အဲတော့ တစ်ကိုယ်ရေသန့်ရှင်းကို ဂရုစိုက်ရမယ်။မျက်လုံးကို မကိုင်ဖို့လိုတယ်။ မျက်လုံးကို ယားလို့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကိုင်တယ်ဆိုရင် (ဒါမှမဟုတ် ကိုင်ပြီးသွားရင်) လက်ကိုရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေးရမယ်။

အဲလိုလုပ်ရက်သားနဲ့ ဘာကြောင့်ဖြစ်လဲဆိုရင် တစ်ချို့ဗိုင်းရပ်စ်တွေက ဆောင်းအဝင်ပေါ့။ (လေထဲ)အမှုန်တွေများတဲ့အချိန်မှာ အဓိကကတော့ အမှုန်တွေမှာ (ဗိုင်းရပ်စ်)ခိုလာရင်းနဲ့ မျက်လုံးထဲဝင်သွားရင် မသိလိုက်ဘူးပေါ့ ဒီလိုဟာမျိုးတွေမှာလည်း ကူးနိုင်တယ်။ဒါကတော့ ဖြစ်ဖို့အရမ်းနည်းတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိမိတဲ့နေရာတွေကိုကိုင်ရင်းနဲ့ မျက်လုံးပွတ်ရင်းနဲ့ ကူးတာကတော့ အဖြစ်အများဆုံးပေါ့ခင်ဗျား။

DW – မျက်စိနာလာပြီဆိုရင် ဘယ်လိုလုပ်သင့်လဲခင်ဗျား။

Dr – မျက်စိကိုတော့ ဂရုစိုက်ရမယ်။ ပြီးရင် မျက်စိထဲမှာ တစ်ခုခုခံနေသလိုပေါ့ ကြည့်ရတာအမြင်မရှင်းဘူးပေါ့ခင်ဗျား။ အလင်းရောင်ကြည့်ရင် စူးမယ်။ မျက်လုံးတွေက နာမယ်။အဲလိုဖြစ်လာရင် ရေသန့်ခတ်လို့ရတယ်။ ရေသန့်ဆိုတာက လူအများလက်လှမ်းမီတဲ့ဟာကို ပြောတာပေါ့နော်။ ခတ်တယ်ဆိုတဲ့နေရာမှာလည်း နှစ်ပိုင်းရှိတယ်ခင်ဗျား။ ခွက်သန့်သန့်ထဲကို ရေသန့်ထည့်မယ်။ ထည့်ပြီးရင် မျက်လုံးကို ခွက်ထဲမှာလေ အသက်ရှူအောင့်ပြီးတော့ မျက်လုံးကိုဖွင့်ပြီးတော့ ပုတ်ခပ်ပုတ်ခပ်လုပ်ရင်လေ မျက်ချေးတွေက ရေနဲ့ပါသွားမှာပေါ့နော်။ ရေကိုတော့ စနစ်တကျသွန်ပေါ့။ ပြီးရင် လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေး။

အဲလိုမဟုတ်ရင် မျက်စဉ်းဆေး(မျက်ရည်တု)ရှိတယ်။ သူက Anti-Virus (ဗိုင်းရပ်စ်တိုက်ဖျက်သည့်အရာ)တွေ မပါဘူးပေါ့နော်။ အဲဒါလေးတွေ ခတ်လို့ရတယ်။ Cool-eye မဟုတ်ဘဲနဲ့ မျက်ရည်တုပေါ့။ မျက်လုံးခြောက်တယ်တို့ ယားတယ်တို့ဆိုမျိုးမှာ ခတ်တဲ့ ဘာမှမပါတဲ့ဟာပေါ့။ အဓိကကတော့ ရေပုံသဏ္ဏာန်တစ်မျိုးပဲပေါ့နော်။

အရမ်းဆိုးလာတယ်ဆိုရင်တော့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းတွေခတ်ရမယ်။ ပြီးရင် ပိုးသတ်ဆေးတွေ သောက်ရမယ်ပေါ့နော်။ အဲဒါကတော့ ဗိုင်းရပ်စ်ကြောင့်ရောင်နေတဲ့ဟာကနေ ဘက်တီးရီးယားတွေဝင်လာလို့ ပိုးသတ်ဆေးသောက်ပေါ့လေ။ အဲဒါကတော့ ကျွမ်းကျင်(ကျန်းမာရေး)ဝန်ထမ်းတွေမှာပဲ သွားပြီးတော့ ပြပြီးတော့ သောက်ရမယ်။ မျက်စိထဲခတ်ရမယ်ပေါ့နော်။ ကြုံတဲ့သူကိုမေးပြီးတော့ ခတ်လိုက်ရင် ပြဿနာတက်မှာစိုးလို့ပါ။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ သုံး၊လေးရက်နေရင် သူ့ဟာသူပြန်ပြီးတော့ ကောင်းသွားတယ်။ အဲလိုပြန်ကောင်းဖို့ဆိုရင် မျက်စိကို တကိုင်ကိုင်လုပ်လို့မရဘူး။ ခဏ ခဏပွတ်နေလို့မရဘူး။ မျက်ချေးတွေထွက်လာရင် သေချာသန့်ရှင်းရေးလုပ်ရမယ်။ လက်နဲ့သန့်ရှင်းရေးလုပ်မယ်ဆိုရင်လည်း လက်သည် ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးရမယ်။ အဝတ်နဲ့ ဆိုရင်လည်း အဝတ်သန့်သန့်ဖြစ် ရမယ်။တစ်ရှူးဆိုရင်လည်း တစ်ရှူးသန့်သန့်ဖြစ်ရမယ်။ သုံးတာက တစ်ရှူးမကောင်းဘူး။ အမှုန်တွေထွက်တယ်ပေါ့နော်။

DW – အခုလိုအချိန်ပေးပြီး ဖြေပေးတဲ့အတွက် ကျေးဇူးပါ ဆရာခင်ဗျား။