ဒေသခံတွေဖမ်းဆီးခံထားရချိန် နဘုလယ်ဒေသမှာ PDF ၁၀ကျော်ကျတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

0
2077

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသမှာ ဩဂုတ်လ ၁ဝရက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးတယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ ဖြန့်ဝေနေကြပါတယ်။

Dawei Watch က အဲဒီဖြစ်စဉ်ကို အချက်အလက် စိစစ်ကြည့်တဲ့အခါ သတင်းအမှားဖြန့်ဝေမှုသာ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိပါတယ်။

စတင်ဖြန့်တဲ့ Truth Media တယ်လီဂရမ်ချန်နယ်မှာ “ေ-ြးသစ်ကင်စာရင်း” ခေါင်းစဉ်အောက်မှာ

“ရေဖြူ နဘူးလယ် (၁၁) ကင်” ဆိုတဲ့ စာသားအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တွေက PDF ကျဆုံးစာရင်း အရေအတွက်ကို ရေးသားဖော်ပြထားပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီအကြောင်းအရာကို ဩဂုတ်လ ၁၁ ရက်ကနေ ဩဂုတ်လ ၁၃ ရက်နေ့အထိ ၃ရက်အတွင်း ကြည့်သူ 9,900 ကျော်အထိရှိပြီး Reaction ပြုလုပ်ထားသူ ၁၀၀ ရှိပါတယ်။

စစ်ကောင်စီက နဘုလယ်ဒေသကိုစစ်ကြောင်းထိုး

စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားဇုန်တည်ရှိတဲ့ နဘုလယ်ဒေသကို ဇူလိုင်လ ဒုတိယအပတ်ကစပြီး ဇူလိုင်လကုန်အထိ စစ်ကြောင်းထိုးခဲ့တယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လပထမအပတ်မှာ စစ်ရေးလှုပ်ရှားမှု မရှိပေမယ့် ဩဂုတ်လ ၈ ရက်မှာတော့ စစ်ကောင်စီတပ်က နဘုလယ်ဒေသကို စစ်ကြောင်းသုံးကြောင်းနဲ့ တကျော့ပြန် စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရ

ဩဂုတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းဟာ နဘုဘယ်ဒေသ ခမောင်းချောင်းရွာနဲ့ ကပ်လျက်တည်ရှိတဲ့ ကုန်းသာယာအင်းရွာအနီးမှာ မိုင်းနင်းမိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အဲဒီလို မိုင်းနင်းမိတဲ့ နောက်မှာတော့ ဒေသခံ ၁၀ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပြန်လည် မလွတ်မြောက်သေးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုမရှိ

ကုန်းသာယာအင်းရွာအနီးမှာ စစ်ကောင်စီတပ် မိုင်းနင်းမိချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဖြစ်ဖြစ်ချင်းမှာ နှစ်ဖက်ပစ်ခတ်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းပြန်လည် စိစစ်တဲ့အခါ နှစ်ဖက် ပစ်ခတ်တာမဟုတ်ဘူးလို့ဒေသခံတွေကို ပြောဆိုချက်အရ သိရပါတယ်။

ဒေသတွင်းလှုပ်ရှားနေတဲ့ ဗထူးစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးကလည်း ဩဂုတ်လ ၈ ရက်ကနေ ၁၃ ရက်အထိ နဘုလယ်ဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ကြိမ်မှ ထိတွေ့ပစ်ခတ်တာ မရှိသေးလို့ အတည်ပြုပါတယ်။

ဗထူးစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းထားတဲ့ ပူးပေါင်းစစ်ကြောင်းတစ်ကြောင်းဖြစ်ပါတယ်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုလည်း မရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း ကျဆုံးတာမရှိဘူးလို့ ဗထူးစစ်ကြောင်းတာဝန်ရှိသူက အတည်ပြုပါတယ်။

စစ်ဘေးရှောင်နေရတဲ့ နဘုလယ်ဒေသခံတွေကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကျဆုံးတဲ့သတင်း အခုရက်ပိုင်းထဲ မကြားရဘူးလို့ ပြောဆိုကြပါတယ်။

ဒါကြောင့် တယ်လီဂရမ်ချယ်နယ်မှာဖြန့်ဝေနေတဲ့ နဘုလယ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦး ကျဆုံးတယ်ဆိုတာဟာ လုံးဝမှားယွင်းနေတာကို စိစစ်တွေ့ရှိရပါတယ်။

Dawei Watch ရဲ့ သုံးသပ်ချက်

နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေနေသည်မှာ မှန်ကန်ပေမယ့် ဩဂုတ်လ ၁၃ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်တာမျိုး မရှိသေးပါဘူး။ 

ဒါ့အပြင် ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ပြန်မလွတ်သေးတာကိုလည်း တွေ့ရပါတယ်။ အဲဒီလို အခြေအနေမှာ တယ်လီဂရမ်ချယ်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦးကျဆုံးတယ်လို့ အချိန်ကိုက် သတင်းမှား ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact- Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်း ဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။