ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီကအမှုဖွင့်

0
1796

ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်သည်။

ဖမ်းဆီးထားခံရပြီး မိသားစုနှင့် ၅၅ ရက်ကြာ တွေ့ခွင့်မပေးခဲ့သည့် ဦးအောင်ဖေကို ဩဂုတ်လ ၁၃ ရက်တွင် မိသားစုနှင့် တွေ့ခွင့်ပေးမည်ဖြစ်ကြောင်း နှင့် ၅၀၅(က) ဖြင့်တရားစွဲထားပြီဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက်တွင် မိသားစုအား အကြောင်းကြားခဲ့သည်။

ဇွန်လ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ ကိုမင်းလွင်ဦး၏ မိဘများနေအိမ်ကို စစ်ကောင်စီတပ်က ကား ၄ စီးဖြင့် လာရောက်ရှာဖွေခဲ့ပြီး ဦးအောင်ဖေကို အနီနားရှိ နေအိမ်တစ်အိမ်မှ လူငယ်တစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဇွန် ၁၉ ရက် အိမ်ကိုဝင်ရှာတုန်းက ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုနဲ့ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ အင်္ကျီတစ်ထည်တွေ့တယ်ဆိုပြီး ပြောတယ် ။ အဲဒါတွေကြောင့် ၅၀၅ နဲ့စွဲတယ်လို့ထင်တယ်။ တကယ်ဆို ကျွန်တော်က အသက်ပြည့်ပြီးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်လုပ်ဆောင်တာတွေကြောင့် အဖေ့ကို အရေးယူတာမျိုးက ယုတ္တိမရှိဘူး၊ အဖေ့မှာလည်း ဘာအပြစ်မှမရှိဘူး” ဟု ကိုမင်းလွင်ဦးကဆိုသည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေကို လက်ရှိတွင် လောင်းလုံးမြို့ မရဲစခန်းတွင် ဖမ်းဆီးထားပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

ကိုမင်းလွင်ဦးကိုလည်း ယခုနှစ် ဧပြီလက ဝရမ်းထုတ်ထားပြီး စစ်ကောင်စီ လက်အောက်ခံ ခရိုင်လုံခြုံရေးနှင့် အေးချမ်းတည်ငြိမ်မှု ဖော်ဆောင်ရေးအဖွဲ့က ဆုငွေကျပ် သိန်းသုံးရာဖြင့် အလိုရှိကြောင်းကြေညာထားသည်။

၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလတွင်လည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီက ၄ ရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး၊ လောင်းလုံးမြို့နယ်တွင် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို ယနေ့အထိ စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်သူများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ပတ်သက်၍ ရေးသားပြောဆိုသူများကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုမှုများ လုပ်ဆောင်နေသည်။