ရေဖြူ ဧကနိရွာကို စစ်ကောင်စီတပ်က မီးရှို့

0
2397

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဧကနိရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီခန့်ကစပြီး မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“နေအိမ် ၃၀ လောက်ရှိပြီလို့ သိရတယ်။ အဝေးကမြင်တာကတော့ တော်တော်များတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၁ဝနာရီခန့်ကစပြီး ဧကနိရွာအနီးတွင် ပစ်ခတ်သံများ မိနစ်အနည်းငယ်ကြာ ကြားရပြီးနောက် မီးခိုးလုံးများ တက်လာခြင်းဖြစ်ကြောင်း ၎င်းဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ဩဂုတ်လ ၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဧကနိကျေးရွာ အုပ်စုဖြစ်သော ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းစသော ကျေးရွာလေးရွာကိုမူ ဩဂုတ်လ ၉ ရက်တွင် ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် လူဦးရေလေးထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။

မီးရှို့ပြီးနောက် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ဧကနိရွာမှ အရှေ့ဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဝဇွမ်းတောကျေးရွာတွင်လည်း ဩဂုတ်လ ၁၁ ရက်နေ့က နေအိမ်သုံးဆောင် ခန့်မီးရှိုခံရပြီး ဒေသခံပြည်သူများ၏ ရွှေ၊ ငွေသား၊ လက်ကိုင်ဖုန်းတို့ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း ပြောဆိုကြသည်။

“ကျွန်မမှာဆို လက်စွပ်တကွင်း၊ ငွေ ၁၃ သိန်း၊ ဖုန်းက တစ်လုံးပါသွားတယ်။ အခြားသူတွေလည်း ပါတယ်။ ပါသွားကြတာ တော်တော်ကိုများတယ်” ဟု ဝဇွမ်းတောရွာသူတစ်ဦးက ပြောသည်။

ဧကနိရွာက စစ်ဘေးရှောင် အသက် ၁၇ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးမှာလည်း ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက စစ်ဘေးရှောင်နေစဉ် ၉၆ ပါးသောရောဂါဖြင့် သေဆုံးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ဆေးရုံတင်ဖို့ လုပ်နေတုန်းမှာပဲ သေသွားတယ်။ တောထဲနေရတဲ့ရက်တွေများလာတော့ ဆေးမရှိ ဝါးမရှိ ရောဂါပိုဆိုးလာ‌တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့ကစပြီး လဲရှောင်၊ ထိန်ကြီး၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းရွာများကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ အမျိုးသား၊ အမျိုးသမီး နှစ်ဆယ် ထက်မနည်းကို ဖမ်းဆီးထားပြီး အချို့ကိုသာ ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

စစ်ကြောင်းထိုးစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၇၇ နှစ်အရွယ်သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် အသက် ၃၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရပြီး အသက်အန္တရာယ်မူ မစိုးရကြောင်း ဒေသခံများက ဆိုသည်။