ရေဖြူ မူးဒူးရွာမှာ KNU နဲ့ PDF ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အချိန်ကိုက်သတင်းမှားဖြန့်

0
2071

ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က KNU နဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ် လိုက်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

အဲဒီအကြောင်းအရာကို Dawei Watch က အချက်အလက်စိစစ်ကြည့်တဲ့အခါမှာတော့ မှားယွင်းနေတာ တွေ့ရပါတယ်။

Suscribe ပြုလုပ်ထားတဲ့သူ သုံးထောင်နီးပါးရှိတဲ့ “နေပြည်တော်” အမည်ရှိ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာလ ၁၉ ရက် ညနေ ၇ နာရီဝန်းကျင်မှာ “ရေဖြူမြို့နယ်မူးဒူးရွာKNU ပဒက် (၂၀) ကျော် ဖမ်းဆီးရမိသုတ်သင်” ဆိုပြီး စတင်ဖြန့်ချီလာတာ ဖြစ်ပါတယ်။

အဲဒီဖော်ပြချက်မှာ ကြည့်ရှူသူ တစ်သောင်းကျော်နဲ့ reaction ပြုလုပ်ထားသူ ၂၃ ဦးရှိပြီး နိုဝင်ဘာလ ၂၆ ရက်အထိ ဆက်လက်ဖြန့်ချီပျံ့နှံ့နေဆဲဖြစ်ပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူ အဲဒီဖော်ပြချက်ကို ကူးယူပြီး Mer Maid အမည်ရ Facebook အကောင့်မှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ရေဖြူ မူးဒူးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး

စစ်ကောင်စီတပ်ဟာ မူးဒူးရွာကို လောင်းလုံးမြို့နယ်ဘက်ကနေ နိုဝင်ဘာလ ၁၈ ရက်ကစပြီး လေးရက်ကြာ စစ်ကြောင်း ထိုးခဲ့ပါတယ်။ အဲဒီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ နိုဝင်ဘာလ ၁၈ ရက် ညနေမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၃နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆွဲမိုင်း အပါအဝင် လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် နှစ်ဘက်ပစ်ခတ်မှု မိနစ်နှစ်ဆယ်ခန့်ကြာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က နိုဝင်ဘာလ ၁၉ရက်မှာ “နယ်မြေရှင်းရန်သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်း မူးဒူးရွာတွင် တိုက်ခိုက်ခံရ” ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့သတင်းကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရ

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီးနောက် လောင်းလုံးမြို့နယ်က ဒေသခံ ၈ ဦးနဲ့ မူးဒူးရွာဒေသခံ နှစ်ဆယ်ကျော်ကို မူးဒူးစာသင်ကျောင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မူးဒူးရွာစာသင်ကျောင်းမှာ နိုဝင်ဘာလ ၁၉ ညနေပိုင်းအထိ ယာယီတပ်စွဲထားပြီး ဒေသခံ ၂၀ ဦးခန့်ကို ဖမ်းဆီးထားခဲ့တဲ့အပြင် ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တချို့ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတဲ့အတွက် မူးဒူးရွာနေ ဒေသခံထောင်နဲ့ချီမှာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

နေအိမ်တွေ မီးရှို့ခံရ

စစ်ကောင်စီတပ် စစ်ကြောင်းဟာ မူးဒူးရွာထဲက ပျဥ်ထောင်အိမ်နဲ့ တိုက်အိမ် စုစုပေါင်း ၁၇ ဆောင်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

နေအိမ်တွေဟာ တစ်စုတည်း လောင်ကျွမ်းတာမဟုတ်ဘဲ ဟိုနားတစ်အိမ် ဒီနားတစ်အိမ် လောင်ကျွမ်းတာကြောင့် ရွေးပြီး မီးရှို့သွားတာလို့လည်း မူးဒူးရွာသားတစ်ဦးရဲ့ ပြောဆိုချက်ကို အဲဒီသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တခြားနေအိမ် အများအပြားကိုလည်း ရိုက်ဖွင့်ပြီး ပစ္စည်းတွေလည်း ယူသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၁ရက် မနက်ပိုင်းမှာတော့ မူးဒူးရွာထဲကနေ စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

The Tanintharyi Times က ဖော်ပြတဲ့သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒေသခံ အားလုံးနီးပါးပြန်လွတ်လာ

နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်ဟာ မူးဒူးရွာ တောင်ဘက် မောင်းမကန်ရွာဘက်သို့ ပြန်လည် ထွက်ခွာသွားပြီး စစ်ကြောင်းဝင်ချိန် လမ်းတစ်လျှောက် ဖမ်းဆီးလာခဲ့တဲ့ လောင်းလုံးဒေသခံ ရှစ်ဦး အပါအဝင် ဖမ်းဆီးထားတဲ့ ဒေသခံ ၂၀ ကျော်အနက်က အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မူးဒူးရွာသား နှစ်ဦးကိုတော့ မျက်နှာကို ခေါင်းစွပ်အုပ် ‌လက်နှောက်ပြန် ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့အထဲက အသက် ၂၀အရွယ် ကိုဝိုင်းလူဆိုသူကတော့ ဖမ်းဆီးခံထားရာကနေ ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။ ထွက်ပြေးပြီး ငါရက်အကြာမှာ သူကို့ သေနတ်ဒဏ်ရာနဲ့ ရွာသားတွေက ပြန်တွေ့ခဲ့ပါတယ်။

မူးဒူးရွာအနီး ဒေသခေါ် ကမြိုင်ဆွဲ အိမ်စုမှာ လူမနေတဲ့ နေအိမ်တွေကနေ PDF တွေရဲ့ လုပ်လက် သေနတ်တွေနဲ့ ခဲယမ်းတွေကို စစ်ကောင်စီတပ်က သိမ်းဆည်းပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ Dawei Watch က ဖော်ပြတဲ့ သတင်းကို ဒီနေရမှာ ကြည့်နိုင်ပါတယ်။

ဆက်လက် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံနှစ်ဦးဟာ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ သူတို့ဟာ နိုဝင်ဘာလ ၂၆ရက်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူး။ အဲဒီဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဘာကြောင့် ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို မသိရသေးပါဘူး။

သုံးသပ်ချက်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေချိန်မှာ ဒေသခံတွေကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်တာ၊ မူးဒူးရွာက ဒေသခံတွေကို ဖမ်းဆီးခဲ့တာ မှန်ကန်ပါတယ်။

စစ်ကြောင်း ပြန်ထွက်ချိန်မှာတော့ ဒေသခံလူငယ်အမျိုးသားနှစ်ဦးကလွဲလို့ ကျန်ဒေသခံတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အခုဖြစ်စဉ်မှာ အရပ်သား သတ်ဖြတ်ခံရတာမျိုးလည်း မတွေ့ရပါဘူး။

ဒါကြောင့် KNU နဲ့ PDF ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဖြန့်ချီမှုတွေဟာ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထား ရချိန်မှာ အချိန်ကိုက် ထုတ်လွှင့်တဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

အရင်ကလည်း နဘုလယ်ဒေသမှာ စစ်ကြောင်းဝင်နေစဥ် အခုလိုသတင်းမှားဖြန့်ချီခဲ့ဖူးပါတယ်။ Dawei Watch က အချက်အလက် စိစစ်ထားတာကို ဒီနေရာမှ ကြည့်နိုင်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာတွေကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။