ပကာရီရွာက နေအိမ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေစစ်ဆေး

0
2127

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီကျေးရွာက နေအိမ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၃ ရက် ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်များ ပကာရီကျေးရွာကို ရောက်ရှိနေခြင်း ဖြစ်သည်။

ယင်းအနက် ကျောက်မဲတောင်ရွာတွင် အင်အား ၃၀ခန့်မှာ ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲကျန်ရှိကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရွာတွင် တပ်စွဲကျန်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းမှစတင်ကာ နေအိမ် နှစ်ဆယ်ကျော်ကို တစ်အိမ်တစ်ဆင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဧည့်စာရင်းစစ်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ တိုင်ကြားမှုရှိလို့ မသင်္ကာတဲ့အိမ်တွေကို တာဝန်အရ ရှာတယ်လို့တော့ ပြောတယ်။ ဆိုင်တွေလည်း ဝင်ရှာတယ်” ဟု ၎င်းက ပြောဆိုသည်။

စာသင်ကျောင်းရှေ့က နေအိမ်တစ်ဆောင်ထံမှ အမျိုးသမီးတစ်ဦး၏ ဖုန်းတစ်လုံးနှင့် ဖုန်းအားသွင်းကြိုးကို ယူဆောင်သွားသည်ဟု ဒေသခံအချို့က ဆိုသည်။

စစ်ကြောင်းဝင်ရောက်သည့် နိုဝင်ဘာလ ၂၅ ရက်တွင် ဥယျာဉ်ခြံထဲတွင် တွေ့ရှိသည့် ပကာရီရွာသား လေးဦးနှင့် ပခပ်ရွာသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။