သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် ပစ်ခတ်တိုက်ခိုက်

0
1883

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရေတံခွန်အနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မနေ့(နိုဝင်ဘာ ၂၆)ညနေ ၅ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။

ခန့်မှန်းအင်အား ၃၀-၄၀ ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကတွဲမှ သိမ်ကုန်းဘက်ကိုထွက်လာပြီး စခန်းတစ်ထောက်နားနေချိန် ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။

“ပစ်ခတ်မှုကြာချိန်က ၁၅ မိနစ်လောက်ရှိတယ်၊ သူတို့ဘက်က ထိခိုက်မှုကိုတော့ အတည်ပြုနေဆဲပဲ၊ သုံးယောက်လိုလို ဆယ်ယောက်လိုလိုပြောနေကြတာတော့ရှိတယ်၊ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ရဲဘော်ကျောက်ခဲက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က PDF များရှိနိုင်သည်ထင်သောနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ရငဲကျေးရွာမှ စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးက ပြောသည်။

“ဒီနေ့လည်း လက်နက်ကြီးနဲ့ပစ်နေသေးတယ်၊ ခုဏ(မွန်းလွဲ)ကအထိ ပစ်နေတာ၊ ကျွန်မတို့နေတဲ့နေရာကနေ ပစ်ခတ်သံတွေကြားနေရတယ်”ဟု ၎င်းက ပြောသည်။

ရငဲရွာမြွေတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရငဲ၊ ကမြိုင်၊ ဝဲရစ်၊ ကတွဲ၊ သိမ်ကုန်း၊ ကျောက်ခမောက်၊ ကနက်သီရိစသည့် ကျေးရွာများကို နယ်မြေထိန်းသည့်ပုံစံဖြင့် နယ်လှည့်နေသည်မှာ လအတန်ကြာပြီဖြစ်သည်။