လောင်းလုံးက ကျေးရွာအချို့ ပြောင်းရမယ်ဆိုတဲ့ သတင်းမှား

0
1799

လောင်းလုံးမြို့နယ်ထဲက ဗိုလ်မှူးဗထူးရဲ့ မွေးရပ်မြေဖြစ်တဲ့ လေးသွန်းခံ ရွာနဲ့ အနီးအနားက ရွာတွေ ပြောင်းရမယ်ဆိုပြီး တစ်ဆင့် စကား တစ်ဆင့် နားနဲ့ ဒေသပြည်သူတွေ ကြားမှာ အတော်ကြီးကို ပျံ့နှံ့နေပါတယ်။ ပျံ့နှံနံ့မှု များသလို စိုးရိမ်ပူပန်စိတ်နဲ့ ထားဝယ်မြို့ပေါ်မှာ မြေဝယ်ဖို့ ၊ အိမ်ငှားဖို့ စီစဉ်နေတဲ့ ပြည်သူတွေလည်း ရှိလာနေတာပါ။

ဒီအကြောင်းအရာကို Dawei Watch အနေနဲ့ အချက်အလက် စိစစ်ကြည့်တဲ့အခါမှာ သတင်းအမှား ဆိုတာ စိစစ်တွေ့ရှိခဲ့ပါတယ်။

ဒီ ပြောင်းရွှေ့ရတော့မယ်ဆိုတဲ့ သတင်းအစက မေလ နောက်ဆုံးပတ် လောက်က စတင် ဖြန့်ဝေ ပြောဆိုမှုတွေ ရှိခဲ့တာ ဖြစ်ပြီး လက်ရှိ ဇူလိုင် နောက်ဆုံးပတ်အထိ ပျံ့နှံ့ပြောဆိုနေကြဆဲပါ။

ပြောင်းရွှေ့ခံရတဲ့ ကျေးရွာ မရှိသေးပါ

အချက်အလက် စိစစ်ချက်အရ လောင်းလုံးမြို့နယ်အတွင်းမှာ ကျေးရွာတွေ ပြောင်းရွှေ့ရမယ်လို့ သတင်းထွက်တာ အခုမှ မဟုတ်ဘဲ ယခင်ကလည်း အခုလို ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပေ့မယ့် ယနေ့အထိ ပြောင်းရွှေ့လိုက်ရတဲ့ ကျေးရွာ တစ်ရွာမှ မရှိသေးပါ။

သတင်းစကား ပျံ့နှံ့လာတဲ့ ရင်းမြစ်ကို စုံစမ်း ရှာဖွေကြည့်တဲ့အခါမှာ တရားဝင်စာ ထုတ်ပြန်ထားတာတွေ၊ လူမှုကွန်ရက်မှာ ပျံ့နှံ့မှုတွေ မရှိဘဲ တစ်ဆင့်စကား တစ်ဆင့်နားကနေ ပြောဆိုမှုနဲ့သာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

ပြောင်းရွှေ့ရမယ့် အကြောင်းပြချက်ကတော့ ဗိုလ်မှူးဗထူးကျေးရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေက လက်နက်ကြီး ပစ်ခတ်မယ့် ဧရိယာအတွင်း ကျရောက်နေလို့ ပြောင်းရွှေ့ရမယ် ဆိုပြီး ပျံ့နှံ့နေတာပါ။

ဒီ သတင်းကို ဘယ်သူက ပြောတယ်၊ ဘယ်နေရာမှာ ပြောတယ်ဆိုတာကို ဒေသခံတွေကို မေးမြန်း စုံစမ်းကြည့်တဲ့အခါ တိတိကျကျ ဖြေဆိုနိုင်သူ တစ်ဦးမှ မရှိဘဲ အရပ်ထဲ ကြားရတယ်လို့သာ ပြန်လည် ဖြေကြားကြပါတယ်။

သတင်းမှား လက်သည်

Dawei Watch အနေနဲ့ ဒီ သတင်းနဲ့ ပတ်သက်ပြီး ထပ်ဆင့် စုံစမ်းကြည့်တဲ့အခါ ကျေးရွာတွေ ပြောင်းရွှေ့ရမယ်ဆိုတဲ့ စကားဟာ လောင်းလုံးမြို့နယ်အတွင်းက စပျံ့တာ မဟုတ်ဘဲ ထားဝယ်မြို့ပေါ်က အိမ်ခြံမြေပွဲစားလောကကနေ ပျံ့နှံ့လာတာဖြစ်နေတာပါ။

ရောင်းမထွက်ဖြစ်နေတဲ့ အကွက်ရိုက် လယ်ယာမြေတွေ ရောင်းထွက်စေဖို့ ရည်ရွယ်ချက်နဲ့ သတင်းမှားကို ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေနေတာ ဖြစ်နိုင်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက Dawei Watch ကို ပြောဆိုခဲ့ပါတယ်။

သတင်းမှားဖြစ်ကြောင်း အတည်ပြု

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မယ့် ဧရိယာအတွင်း ကျရောက်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ကို Dawei Watch က ဆက်သွယ် မေးမြန်းရာမှာ သတင်းမှားဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။

ပြည်သူတွေ အထိတ်တလန့် ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ကောလာဟလတွေကို ဖြန့်နေတာ ဖြစ်ပြီး ကောလာဟလ သတင်းတွေကို အလွယ်တကူ မယုံဖို့နဲ့ ချင့်ချိန် စဉ်းစားဖို့လိုတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုဟိန်းထက်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် လောင်းလုံးမြို့နယ်အတွင်း ကျေးရွာအချို့ ပြောင်းရွှေ့ခံရမယ်ဆိုပြီး ပျံ့နှံ့နေမှုဟာ သတင်းမှားသာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြေားအရာတစ်ခု ပျံ့နှံ့လာတာနဲ့ ချက်ချင်း ယုံကြည်လိုက်ပြီး ကိုယ်ကနေ တစ်ဆင့် တခြားသူကို ဖြန့်ဝေတာမျိုး မလုပ်ဘဲ ဘယ်က စပျံ့နှံ့တာလဲ ၊ ဘယ်သူ ပြောတာလဲ ဆိုတာကို သေချာ စိစစ်ရှာဖွေတာမျိုး၊ သတင်းဌာနတွေမှာ မေးမြန်းတာမျိုး ပြုလုပ်ပြီး အတည်ပြုနိုင်မှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။