လူဖမ်းပွဲအခါပေး စစ်ကောင်စီအားပေး ဝါဒဖြန့်ချန်နယ်များ

0
2162

လူငယ်စာဖတ် ပရိသတ်များ၏ အခိုင်အမာ အားပေးမှုရရှိထားသည့် နာမည်ကျော် လူငယ်စာရေးဆရာ တစ်ယောက် ပြည်တွင်း၌ ဆက်နေ၍ မရတော့သည့် အခြေအနေတစ်ခုဖြစ်လာခဲ့သည်။

ယင်းမှာ စစ်ကောင်စီလက်ဝေခံ ဝါဒဖြန့်ချန်နယ်များထဲမှ တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးဆိုသော တယ်လီဂရမ်အကောင့်တွင် ၎င်းကိုဖမ်းဆီးရန် တိုက်တွန်းထားသည့် ပိုစ်တစ်ခုတင်လိုက်ခြင်း ကြောင့်ဖြစ်သည်။

စစ်အာဏာသိမ်းပြီး ၂ လကျော်ကတည်းက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ ယင်းစာ‌ရေးဆရာမှာ ပြည်တွင်း၌ပင် တိတ်တဆိတ် ဆက်နေထိုင်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဟန်ငြိမ်းဦး အမည်ရှိ တယ်လီဂရန်အကောင့်တွင် ၎င်းကို သွားရောက်ဖမ်းဆီးရန် စစ်ကောင်စီကို တိုက်တွန်းထားသည့် ပိုစ်တစ်ခု တက်လာသည်။

ယင်းပို့စ်တွင် ၎င်း၏ သွားလာလှုပ်ရှားမှု၊ နေရပ်လိပ်စာ အသေးစိတ်ပါရှိပြီး ယင်းအချက်အလက်များတွင် အရင်းနှီးဆုံးမိတ်ဆွေ ၅ ဦးခန့်သာ သိနိုင်သည့် အချက်အလက်များလည်း ပါရှိလာသည်။

“အရင်းနှီးဆုံး လူ ၅ ဦးလောက်ပဲ သိတဲ့အချက်တွေ ပါလာတယ်ဗျာ။ ဒီထဲက တစ်ယောက်က သတင်းပေးလိုက်တာ သေချာတယ်။ ဘယ်သူဖြစ်နိုင်လဲ ဆိုတာလည်း သိပါတယ်”ဟု ယင်းစာရေးဆရာက ဆိုသည်။

ယင်းကြောင့် ယုံကြည်ရာ အလုပ်များကို ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် ပြည်တွင်းတွင် ဆက်မနေရန် ဆုံးဖြတ်လိုက်ပြီး လွတ်မြောက်ရာ တစ်နေရာကို ထွက်ခွာလာခြင်းဖြစ်ဟုလည်း သူကဆိုသည်။

ယခုနှစ်ဇွန်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဆုတောင်းစာ၊ ပန်းပန်ထားသည့် ပုံများ အွန်လိုင်းပေါ် တင်ခဲ့ကြသူများကို ဖမ်းဆီးရန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချိန်နယ်များက နေရပ်လိပ်စာအပါအဝင် အသေးစိတ် အချက်အလက်များဖြင့် လှုံ့ဆော်ရေးသားခဲ့သည်။

ယင်းနောက်တွင်တော့ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်ရေးသားမှုဖြင့် တစ်ပတ်အတွင်း လူ ၅၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းသို့ပင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် ဆန္ဒပြပွဲကို ထောက်ခံအားပေးကြောင်း လူမှုကွန်ရက် Facebook ပေါ်တွင် ရေးသားခဲ့သူများ၏ ကိုယ်ရေး အချက်အလက်များကို ဟန်ငြိမ်းဦးအကောင့်က စုစည်းဖော်ပြခဲ့ပြီး ဖမ်းဆီးရန်ဆော်သြခဲ့သည်။

ယင်းဆော်သြမှုကြောင့် လူပေါင်း ၂ဝဝ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း RFA ကဖော်ပြခဲ့သော သတင်းတွင် ပါရှိသည်။

စစ်ကောင်စီကို ထောက်ခံအားပေးသည့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်အုပ်စုက သတင်းပေးမှုကြောင့် ယင်းသို့ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး ဖမ်းဆီးခံရသူများမှာ ယင်းချန်နယ်များတွင် သတင်းတက်လာပြီး နာရီပိုင်းအကြာတွင်ပင် အဖမ်းခံရမှုများလည်း ရှိနေသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်အကောင့်များကို စောင့်ကြည့်လေ့လာနေသည့် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု၏ မှတ်တမ်းများအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၈ လတာကာလအတွင်း ယင်းအကောင့်များတွင် သတင်းပေးဖော်ပြမှုကြောင့် အဖမ်းခံရသူ ၈၆၈ ဦးအထိ ရှိကြောင်း သိရသည်။

အဖမ်းခံရသူများတွင် အမျိုးသား ၆၀၅ ဦး၊ အမျိုးသမီး ၂၅၂ ဦး၊ LGBT ၂ ဦးနှင့် အခြား ၉ ဦးတို့ဖြစ်ကြောင်း တွေ့ရသည်။

ဝါဒဖြန့် တယ်လီဂရမ်အုပ်စု

စစ်ကောင်စီထောက်ခံသူများ တယ်လီဂရမ်သုံးပြီး ဝါဒဖြန်ချိခြင်းကို အာဏာသိမ်းပြီးစ ၂၀၂၁ ဖေဖော်ဝါရီလဆန်းတွင်ပင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် Facebook လူမှုကွန်ရက်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် MRTV အပါအဝင် စစ်ကောင်စီနှင့် ပတ်သက်သည့် စာမျက်နှာများကို ပိတ်ပင်ခံလိုက်ရသည့် ၂၀၂၁ ဖေဖော်ဝါရီ ၂၂ ရက် နောက်ပိုင်းတွင် အခြားလူမှုကွန်ရက် ပလက်ဖောင်းများကို အသုံးပြုကာ ဝါဒဖြန့်နိုင်ရန် ကြိုးစားလာခြင်းဖြစ်သည်။

Facebook တွင် စစ်ကောင်စီက ဝါဒဖြန်ချိရေး လုပ်ဆောင်နိုင်ခြင်း မရှိတော့သဖြင့် လူမှုစံနှုန်းများ ချိုးဖောက်သော်လည်း အရေးယူခြင်းမှုအားနည်းသည့် TikTok, YouTube, VK, Viber နှင့် တယ်လီဂရမ်တို့ကို ပိုမိုအားစိုက် အသုံးပြုလာကြသည်။

ယင်းတို့အနက် တယ်လီဂရမ်မှာ စစ်ကောင်စီဝါဒဖြန့်ရန် အဓိကအသုံးပြုသည့် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။

တယ်လီဂရမ်မှာ အခြား ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့်ယှဉ်လျင် စောင့်ကြည့်ဖယ်ရှားမှု အားနည်းသလို Community Standard (လူမှုစံနှုန်း)များကို ချိုးဖောက်ဖော်ပြသည့် အကြောင်းအရာများကိုလည်း ခွင့်ပြုထားသည်။

ယင်းမှာ စစ်ကောင်စီလော်ဘီများ စိတ်ကြိုက်အသုံးပြုရန်အတွက် အကောင်းဆုံးပလက်ဖောင်းတစ်ခု ဖြစ်သွားသည်။

၂၀၂၁ ဇူလိုင်လတွင်တော့ တယ်လီဂရမ်တွင် စစ်ကောင်စီထိန်းချုပ် မီဒီယာများအပြင် စစ်ကောင်စီ လက်ဝေခံ ချန်နယ်အများအပြားပေါ်ပေါက်လာသည်။

ယင်းချန်နယ်များတွင် လူပုဂ္ဂိုလ်နာမည်ခံထားသည့် အဖွဲ့များ၏ လှုပ်ရှားမှုများမှာ ပိုမိုထင်ရှားလာသည်။

ယင်းကာလတွင်ပင် ဟန်ငြိမ်းဦး၊ ဘညွန့်တို့မှတစ်ဆင့် အခြားဝါဒဖြန်ချန်နယ်များကို ကြော်ငြာပေးရာမှ တယ်လီဂရမ်တွင် စစ်‌ကောင်စီအားပေး ထောက်ခံသည့် ဝါဒဖြန့်ချန်နယ်များပိုမို များပြားလာခဲ့သည်။

၂၀၂၁ အောက်တိုဘာလဆန်းတွင်တော့ ကျော်စွာ၊ကိုသက် စသည့်ဝါဒဖြန့် ချန်နယ်များ ထပ်မံနာမည်ရလာသည်။

ပြီးခဲ့သည့်လ (၂၀၂၃ ဇွန်)က ထုတ်ဝေထားသော စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသော အချက်အလက်များအရ စစ်ကောင်စီကို အားပေးထောက်ခံသည့် ဝါဒဖြန်တယ်လီဂရမ်ချန်နယ်ပေါင်း ၈၃ ခုကျော်ရှိကြောင်း တွေ့ရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၂ ရက်နေ့အထိစောင့်ကြည့်လေ့လာမှုအရ ယင်းချန်နယ် ၈၃ မှ အပုဒ်ရေ ၁ ဒသမ ၆ သန်းကျော်တင်ခဲ့ပြီး ကြည့်ရှု့သည့်အကြိမ်ရေမှာ ၄ ဒသမ ၅ ဘီလီယံအထိရှိကြောင်းတွေ့ရသည်။

ယင်းချန်နယ်များမှ နေ့စဉ်အပုဒ်ရေ ၂၀၀၀ ခန့်တင်နေကြောင်း တွေ့ရသည်။

ယင်းတို့အထဲတွင် နာမည်အကြီးဆုံးချန်နယ်များမှာ ကျော်စွာ၊ ကိုသက်၊ ဟန်ငြိမ်းဦး၊ People Media၊ မှိုင်းဝေ၊ ကကဟန်၊ Myanmar Update News၊ တပ်ကြပ်ကြီးဖိုးစီ စသည်တိုဖြစ်သည်။

သြဇာတည်ဆောက်ခြင်း

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်အုပ်စုမှာ ပုံမှန်အားဖြင့် လူထုစိတ်ဝင်စားမှု မရှိကြသော်လည်း ယင်းတယ်လီဂရမ် ချန်နယ်များတွင် ပါရှိလာပါက ဖမ်းဆီးခံရမှုများ ရှိလာချိန်တွင်တော့ လူအများစု၏ စောင့်ကြည့်ခြင်းခံလာရသည်။

လေ့လာသူများ၏ အဆိုအရ ယင်းချန်နယ်များကို ပုံမှန်စောင့်ကြည့်သူများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက ထက်ဝက်နီးပါးရှိနိုင်မည်ဟု ဆိုကြသည်။

ယင်းချန်နယ်များတွင် နာမည်အကြီးဆုံးချန်နယ်တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးမှာ ဖမ်းဆီးရန်တိုက်တွန်းသည့် အကြောင်းအရာများ အများဆုံးတင်သဖြင့် နာမည်ကြီးလာခြင်းဖြစ်သည်။

ဟန်ငြိမ်းဦးတွင် ပါလာလျှင် အဖမ်းခံရမည်ဆိုသည်အထိ လူသိများလာခဲ့သည်။ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများ၏ ပြောဆိုချက်အရ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြခံရပါကမည်သူ့ကိုမဆို ခေါ်ယူစစ်ဆေးရမည်ဟု အထက်က ညွှန်ကြားထားသဖြင့် မဖြစ်မနေ ဖမ်းဆီးရသည်ဟု ဆိုကြသည်။

တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြခံရမှုကြောင့် အဖမ်းခံရသူများရှိသလို အဖမ်းခံရပြီးမှ ဖမ်းဆီးရန် တိုက်တွန်းထားသည့် post တက်လာခြင်း၊ post တက်လာပြီး နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း အဖမ်းခံလိုက်ရခြင်း များလည်းရှိနေသည်။

ဟန်ငြိမ်းဦးတွင် ဖော်ပြလိုက်မှုကြောင့် ပြည်ပသို့ တိမ်းရှောင်လာသည့် ရုပ်သံသတင်းထောက် တိုက်ဂါးကလည်း “တစ်ချို့ကတော့ အဖမ်းခံရပြီးမှ (post) တက်လာတာရှိသလို၊ တင်ပြီးနာရီပိုင်းအတွင်း အဖမ်းခံရတာလည်းရှိတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောဆိုသည်။

ယင်းတို့ကို ကြည့်ခြင်းဖြင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှာ လူစိတ်ဝင်စားမှု ရလာစေရန်အတွက် စစ်ကောင်စီ၏ အထောက်အပံ့ကို ရယူလုပ်ဆောင်နေကြောင်း မှန်းဆနိုင်သည်။

ယင်းကြောင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှာ အချိန်တိုအတွင်း လူသိများထင်ရှားလာပြီး လူအများစောင့် ကြည့်ရသည့် အခြေအနေဖြစ်လာသည်။

လူအများစောင့်ကြည့်မှုနှင့်အတူ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန်ချိမှုနှင့် အမုန်းစကားဖြန့်ဝေမှုများ ပိုမိုလုပ်ဆောင်လာကြောင်း တွေ့ရသည်။

အချက်အလက် ဘယ်လိုရသလဲ

စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် ဖမ်းဆီးရန် တိုက်တွန်းခံရသူများကို တွေ့ဆုံမေးမြန်းပြီး ရရှိသည့် အချက်အလက်များအရ ဖော်ပြခံရသော အချက်များတွင် အရင်းနှီးဆုံး လူအချို့သာ သိနိုင်သော အချက်အလက်များလည်း ပါဝင်နေသည်ကိုတွေ့ရသည်။

ဖမ်းဆီးရန် တိုက်တွန်းခံရသူ၏ နေထိုင်သွားလာမှု၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည့် အချက်အလက်များကို မှန်မှန်ကန်ကန် ရယူဖော်ပြနိုင်ကြောင်းလည်း တွေ့ရသည်။

သို့သော် ဓာတ်ပုံများနှင့် ဖမ်းဆီးရန် တိုက်တွန်းသည့် အချက်များမှာမူ လိုသလိုပုံဖော်ကာ အချက်အလက်မှားများနှင့် ပေါင်းစပ်ရေးသားလေ့ရှိသည်။

“အချက်အလက်မှန်တယ်။ ဓာတ်ပုံတွေကတော့ ဖိုတိုရှော့နဲ့အတုလုပ်ထားတယ်။ မဟုတ်တာတွေထည့်ပြီး မဖမ်းဖမ်းအောင် လုပ်တာ။ မြန်မြန်မဖမ်းရင် အန္တရာယ်ရှိတယ်ဆိုတာမျိုးလည်းပါတယ်”ဟု ရုပ်သံသတင်းထောက် တိုက်ဂါးက ဆိုသည်။

တိုက်ဂါးမှာ စစ်အာဏာသိမ်းအပြီး တစ်လကျော်အကြာ ၂၀၂၁ မတ်လ ၁၀ ရက်နေ့ကတည်းက မူလနေအိမ်တွင် မနေထိုင်တော့ဘဲ စတင်တိမ်းရှောင်နေသူဖြစ်ပြီး ယခင်အသုံးပြုသည့် ဖုန်းနံပါတ်ကို မသုံးတော့ဘဲ  ဖုန်းနံပါတ် အသစ်ကိုင်ဆောင် အသုံးပြုနေသူဖြစ်သည်။

၂၀၂၁ ဇူလိုင်ရောက်မှသာ ရန်ကုန်မြို့ထဲပြန်ဝင်လာခဲ့ရာ မြို့အဝင်ဂိတ်တွင် မှတ်ပုံတင်ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ခံခဲ့ရသည်။ ယင်းတိုက်စစ်သည့် စာရင်းတွင် သူ့နာမည်မပါသဖြင့် ဖမ်းဆီးခံရခြင်း မရှိသည့်အတွက် ရန်ကုန်မြို့အတွင်း ပြန်လည်အခြေချကာ တိတ်တဆိတ်နေထိုင်နေသူဖြစ်သည်။

သို့သော် တစ်နှစ်ကျော်အကြာ ၂၀၂၂ နှစ်လယ်လောက်တွင်တော့ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တွင် ၎င်းကိုဖမ်းဆီး အရေးယူရန် တိုက်တွန်းသည့် post တက်လာခဲ့သည်။

ယင်းသို့ဖော်ပြရာတွင် မိတ်ဆွေအနည်းငယ်သာသိသည့် ဖုန်းနံပါတ်၊ အိမ်လိပ်စာနှင့် မိသားစု၏ အချက်အလက်များ ပါဝင်လာခဲ့သည်။ ယင်းကြောင့် လွတ်မြောက်ရာသို့ အချိန်မီရှောင်တိမ်းလာခဲ့ရကြောင်း တိုက်ဂါးက ရှင်းပြသည်။

ယင်းသို့ပင် အဆိုပါ လူငယ်စာရေးဆရာကို ဖမ်းဆီးရန် တိုက်တွန်းသည့် post တွင်လည်း လူရင်း ၅ ဦးခန့်သာ သိသည့် အချက်အလက်များ ပါဝင်ခဲ့ကြောင်း ပြောဆိုထားသည်။

အခြားအဖမ်းခံရသူများ၊ ထွက်ပြေးလွတ်မြောက်လာသူများကို မေးမြန်းရာတွင်လည်း ယင်းသို့ပင် လူနည်းစုသာ သိနိုင်သော အချက်အလက်များနှင့် လုပ်ကြံဖန်တီးထားသော အချက်အလက်များကိုရောကာ မဖမ်းဖမ်းအောင် ရေးသားထားသည်ဆိုသော အချက်ကို တွေ့ရှိခဲ့ရသည်။

“ကိုယ်တွေအသိုင်းအဝိုင်းထဲကနေပဲ သိသွားတာလို့ထင်တယ်။ ကိုယ့်အကောင့်တွေထဲမှာ ဒလန်တွေရှိမယ်ထင်တယ်။ မနာလိုလို့ လုပ်တာလည်းရှိနိုင်တယ်” ဟုတိုက်ဂါးက သုံးသပ်သည်။

သတင်းသမားများနှင့် ပတ်သက်သည့် အချို့အချက်အလက်များမှာ ယခင်အစိုးရလက်ထက်က ပြန်ကြားရေး ဌာနနှင့် သမ္မတရုံးတို့သို့ ပို့ထားသည့် လျှောက်လွှာများမှ ရရှိခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် စစ်ကောင်စီ၏ စစ်ကြောရေးမှလည်း အချက်လက်များရနိုင်ကြောင်း တွေ့ရသည်။

လူငယ်စာရေးဆရာကမူ လူရင်းများထဲကပင် ပစ်စာသဘောမျိုး ပို့လိုက်ခြင်းမျိုး ဖြစ်သည်ကို တွေ့ရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်မကျေနပ်တာ၊ မနာလိုတာတွေကြောင့် သတင်းပေးလိုက်တာမျိုးက ပိုများမည်ဟုထင်ကြောင်း မှတ်ချက်ပြုသည်။

ဝါဒဖြန့်ချန်နယ်တွေ ဘယ်လဲ

နာမည်ဆိုးဖြင့် ကျော်ကြားလာနေသည့် စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှာ ယခုနောက်ပိုင်းတွင်တော့ ငွေညှစ်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလာနေကြောင်း အမည်မဖော်လို့သည့် လေ့လာသူ တစ်ဦးကဆိုသည်။

အမည်မဖော်လိုသူတစ်ဦးထံမှ ရရှိသည့် အချက်အလက်အရ တယ်လီဂရမ်ချန်နယ်တွင် တော်လှန်ရေး အဖွဲ့များနှင့် အချိတ်အဆက်ရှိသဖြင့် ဖမ်းဆီးပါရန် ဖော်ပြခံရသည့် လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးရုံးက ခေါ်ယူကာ စစ်ဆေးမေးမြန်းခဲ့သည်။

ယင်းနောက်တွင် အဖမ်းမခံရရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ငွေကြေးတောင်းခံသဖြင့် ပေးခဲ့ရကြောင်း သိရသည်။

ယင်းသို့သော ဖြစ်စဉ်များမှာ နေရာအတော်များများတွင် ဖြစ်ပေါ်နေကြောင်း ဆက်လက်စုံစမ်းသိရှိရသော်လည်း ကျူးလွန်ခံရသူများမှာ ၎င်းတို့၏ ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြပေ။

ထုတ်ဖော်ပြောကြားလိုက်ခြင်းကြောင့် အဖမ်းခံရခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးနိုင်ခြင်းတို့ ဖြစ်နိုင်မည်ဟု ၎င်းတို့က ယုံကြည်နေကြသည်။

ယခုနောက်ပိုင်းတွင် စီးပွား‌ရေးသမားများနှင့် ငွေကြေးတောင့်တင်းသူများကို ပစ်မှတ်ထား လုပ်ဆောင်လာသလို စီးပွားဘက်ချင်း ချောက်ချလိုသည့် သဘောဖြင့် ပစ်စာများပို့ကာ တယ်လီဂရမ်တွင် ဖော်ပြခံရစေရန် လုပ်ဆောင်လာခြင်း မျိုးလည်းရှိလာနေသည်။

ရရှိသော အချက်အလက်များအရ တယ်လီဂရမ်ချန်နယ်များမှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသလို တစ်ဖက်တွင်လည်း ငွေညှစ်စီးပွားရှာနေသည့် အခြေအနေများကို ဖန်တီးလာကြောင်း တွေ့ရသည်။

‘’ပစ်စာရတိုင်း တင်နေတာ သူ့လူကိုယ့်လူတောင် မခွဲနိုင်တော့ဘူး။ ဖမ်းဖို့ဆိုပြီး တင်တဲ့ပိုစ်တွေမှာ စစ်တပ်ထောက်ခံတဲ့သူတွေကိုတောင် မှားပြီးတင်တာတွေ ရှိလာတယ်” ဟု ဟန်ငြိမ်းဦးတွင် ဖော်ပြခံရသော လူငယ်စာရေးဆရာကဆိုသည်။

အမည်မဖော်လိုသူ သတင်းသမားတစ်ဦးကလည်း ယခင် နဝတ/နအဖ လက်ထက် စစ်ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလတွင်လည်း ယင်းသို့ပင်ငွေညှစ်သည့် ဖြစ်စဉ်များ၊ အာဏာအလွဲသုံးမှုများ၊ ကိုယ့်လူကိုယ်ပြန် နင်းမိသည့်ဖြစ်စဉ်များ အများအပြားဖြစ်ခဲ့ဖူးပြီး နောက်ဆုံးတွင် စစ်ထောက်လှမ်းရေးလည်း ဖျက်ဆီးခံလိုက်ရကြောင်း ပြောဆိုသည်။

“သူတို့လည်း မကြာပါဘူး။ ကိုယ့်အမြီးကိုယ်နင်းမိပြီး ပျက်စီးကြမှာပါ”ဟု ၎င်းက မှတ်ချက်ပြုလိုက်သည်။