ထားဝယ် ဝကုန်းရွာမှာ အရပ်သားတွေဖမ်းဆီးခံရတာကို PDF ဖမ်းမိတယ်လို့ ပုံဖော်သတင်းမှားဖြန့်

0
1998

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာမှာ ဩဂုတ်လ ၁၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းမိထားကြောင်း တယ်လီဂရမ်ချန်နယ်မှာ ဖြန့်ဝေနေကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ကြည့်ချိန်မှာ အရပ်သားတွေဖမ်းဆီးခံရတာကို PDF အဖြစ် ပုံဖော်ပြီး သတင်းအမှားဖြန့်ဝေနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။  

Truth Media တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၁၆ ရက်နေ့မှာ “ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးကားလမ်း၊ ဝကုန်းရွာ PDF ထောက်ပို့၊ KNLA ငပွေးနှစ်ဦး ဖမ်းဆီးရမိပြီး ခေါင်းစွပ်အုပ်၊ နောက်ပြန် ကြိုးတုပ် ထားတယ်ဟု ကနဦးသိရသည်” လို့ ရေးသားဖော်ပြတာပါ။

ဩဂုတ်လ ၁၆ ရက် နှင့် ၁၇ ရက် နှစ်ရက်အတွင်း အဲဒီအကြောင်းအရာကို ကြည့်သူ 2,400 ကျော်နှင့် Reaction ပြုလုပ်ထားသူ ၇၃ ဦး ရှိပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

snow queen တယ်လီဂရမ်ချန်နယ်ကလည်း ဒီအကြောင်းကို ထပ်ဆင့်မျှဝေခဲ့ပေမယ့် ဩဂုတ်လ ၁၈ရက်နေ့မှာ ပို့စ်ကို ပြန်ဖျက်သွားတာ တွေ့ရပါတယ်။

ဝကုန်းရွာသားတွေ အမှန်တကယ်အဖမ်းခံရ

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး ထားဝယ်မြို့နယ် အရှေ့တောနယ် ဟိန္ဒားရွာ ဖက်ကနေ ထားဝယ်မြို့ဖက်သို့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။

ဩဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းက ဝကုန်းရွာသား ရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းသဖွယ် စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် သွားလိုတဲ့ နေရာရောက်တဲ့အခါ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေကို မေးမြန်းအတည်ပြုချက်တွေအရ သိရပါတယ်။

ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ၂၃ မိုင် ရေပူချောင်းအနီးမှာတွေ့တဲ့ ဝကုန်းရွာသားခြောက်ဦးကို ဝကုန်းရွာသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် တစ်ရက်အကြာ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းမှာ ဒေသခံခြောက်ဦးစလုံးကို ဝကုန်းရွာမှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ်လ ၁၆ရက်နေ့ နံနက်မှာပဲ ဝကုန်းရွာက နောက်ထပ် ဇနီးမောင်နှံ နှစ်ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးပြန်တယ်လို့ ဆိုပါတယ်။

ဇနီးသည်ကိုတော့ ဝကုန်းရွာမှာပဲ ပြန်လွှတ်ပေးခဲ့ပြီး ခင်ပွန်းသည်ကိုတော့ အနီးဝန်းကျင်ရွာဖြစ်တဲ့ သင်္ကန်းတုံးရွာအထိ စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေကို မေးမြန်းချက်အရ သိရပါတယ်။

အဖမ်းခံရသူတွေဟာ လက်လုပ်လက်စား သာမန်ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဝကုန်းရွာသားအားလုံး ပြန်လည်လွတ်မြောက်သွားပြီဖြစ်ပြီး နောက်ထပ်ဖမ်းဆီးခံထားရသူ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝကုန်းရွာသားရှစ်ဦး ပြန်လွှတ်လာတဲ့အကြောင်း Dawei Watch ရဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပေမယ့် PDF ဖမ်းခံရတာ မရှိ

ဩဂုတ်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တပ်တွေ စုဖွဲ့ထားတဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီထိတွေ့တိုက်ပွဲမှာ ထားဝယ်စုပေါင်းစစ်ကြောင်းက ကျဆုံးတာ မရှိသလို ဖမ်းဆီးခံရတာလည်း မရှိဘူးလို့ ထားဝယ်စုပေါင်းစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးက အတည်ပြုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်တာသာရှိခဲ့ပြီး PDF နဲ့ KNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ဖမ်းဆီးခံရတာမရှိဘူးလို့ စစ်ကြောင်းမှူးက ပြောဆိုပါတယ်။

ဖမ်းဆီးခံရထားတဲ့ ရွာသားအားလုံး ပြန်လွတ်မြောက်လာပြီဖြစ်သလို စစ်ကောင်စီစစ်ကြောင်းဟာလည်း ထားဝယ်မြို့နယ် ပကာရီရွာကနေတစ်ဆင့် ထားဝယ်မြို့သို့ ထွက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် တယ်လီဂရမ်ချယ်နယ်တွေမှာ ထားဝယ်မြို့နယ်၊ ဝကုန်းရွာနှင့်ပတ်သက်သည့် ဖော်ပြချက်မှာ အရပ်သား ဖမ်းဆီးခံထားရမှုကို PDF အဖြစ်ပုံဖော်ပြီး သတင်းမှားရေးသားဖော်ပြချက်ပဲ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

အရင်ကလည်း သတင်းမှားတွေ ဖြန့်ဝေဖူးတယ်

Truth Media တယ်လီဂရမ်ချန်နယ်ဟာ ပြီးခဲ့တဲ့လတွေမှာလည်း ဒီလိုမျိုး သတင်းမှားတွေ ဖြန့်ဝေခဲ့ပါသေးတယ်။

ဩဂုတ်လ ၁၀ ရက်ကလည်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသမှာ အရပ်သားပြည်သူ ၁၁ ဦး ဖမ်းဆီးခံထားရချိန် PDF ၁၀ကျော် ကျဆုံးတယ်လို့ အချိန်ကိုက်သတင်းမှား ဖြန့်ဝေခဲ့ပါသေးတယ်။

အဲဒီလို ဖြန့်ဝေခဲ့တာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းစိစစ်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နောက်တစ်ခါ ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုမှာ အရပ်သား ပြည်သူ ၃၀ကျော် ဖမ်းဆီးခံရတာကို PDF ၃၀ ကျော် ဖမ်းဆီးခံရတယ်လို့လည်း ဇူလိုင်လ ၂၇ ရက်မှာ သတင်းမှား ဖြန့်ခဲ့ပါသေးတယ်။

ဖြန့်ချီသူတွေထဲမှာ Truth Mediaနဲ့အတူ The Fighter Media (TFM) လည်း ပါဝင်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ Dawei Watch က သတင်းစိစစ်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Dawei Watch သုံးသပ်ချက်

ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ မှန်ကန်ပါတယ်။

စစ်ကြောင်းထိုးချိန်မှာ ဝကုန်းရွာသား ရှစ်ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ခဲ့ပေမယ့် သွားလိုတဲ့ နေရာတွေ ရောက်ချိန်မှာ ပြန်လွှတ်ပေးခဲ့တာတွေ့ရပါတယ်။

စစ်ကြောင်းထိုးချိန်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ဖမ်းဆီးခံရတာမျိုးမရှိတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက အကြမ်းဖက်လို့ စွပ်စွဲတံဆိပ်ကပ် ကြေညာထားတာကြောင့် ဖမ်းမိတယ်ဆိုရင် အရေးယူတာတွေ မလုပ်ဘဲ ပြန်လွှတ်ပေးမှာ မဟုတ်ပါဘူး။ သာမန်အရပ်သားတွေ ဖြစ်နေတာကြောင့်မို့လို့သာ အခုလို လွတ်မြောက်လာတာလို့ကောက်ချ ချလို့ရပါတယ်။

ဒါကြောင့် တယ်လီဂရမ်ချယ်နယ်တွေမှာ ဖော်ပြနေတဲ့ PDF နှစ်ဦး ဖမ်းဆီးခံရတယ်ဆိုတာဟာ သာမန် အရပ်သားပြည်သူတွေ ဖမ်းဆီးခံရချိန် အချိန်ကိုက်ဖြန့်ဝေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact-Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။