ဖမ်းဆီးခံရသည့် ဝကုန်းရွာသားရှစ်းဦး ပြန်လွတ်

0
1461

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝကုန်းရွာသား ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

ဟိန္ဒားရွာဖက်မှ ဝကုန်းရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၅ ရက် နံနက်က ၂၃ မိုင် ရေပူချောင်းအနီးတွင်တွေ့ရှိသည့် ဝကုန်းရွာသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါရွာသားများမှာ လက်လုပ်လက်စား သာမန်ပြည်သူများဖြစ်ကြောင်း ၎င်းဆို့က ပြောဆိုသည်။

ယင်းနောက်တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်တွင် အဆိုပါရွာသားခြောက်ဦးစလုံးကို ဝကုန်းရွာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် ဝကုန်းရွာက ဇနီးမောင်နှံနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ဇနီးသည်ကိုမူ ပြန်လွှတ် ပေးခဲ့ကာ ခင်ပွန်းဖြစ်သူကိုမူ အနီးဝန်းကျင်ရွာဖြစ်သည့် သင်္ကန်းတုံးရွာအထိ ဖမ်းခေါ်သွားပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

သင်္ကန်းတုံးရွာဖက်တွင် ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့် ဒေသခံများကို ရိုက်နှက်ထုထောင်းခြင်းမရှိဘဲ သိမ်းဆည်းထားသည့် ဖုန်းများကိုလည်း ပြန်ပေးခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အဲဒီထဲက တစ်ယောက်ကတော့ ဖုန်းပြန်မပေးလို့ ပိုက်ဆံတစ်သိန်း ပြန်ပေး (ရွေး) ခဲ့ရတယ်ဆိုတော့ ကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သင်္ကန်းတုံးရွာအနီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။