ပုလောမှာ ရွာသားတွေဖမ်းဆီးခံရတာကို PDF တစ်ရာကျော်ကျတယ်လို့ ပုံဖော်သတင်းမှားဖြန့်

0
1542

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ PDF တပ်ဖွဲ့ဝင် တစ်ရာကျော် ကျဆုံးတယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ သတင်းဖြန့်ဝေနေကြပါတယ်။

“ဘွတ်ကင်မွင်းခါးစာရင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ “တနင်္သာရီ၊ ပုလော (၁၀၀) ဦး” လို့ “Truth Media” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်ကနေ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၉ မိနစ်မှာ စတင်ဖြန့်ဝေပါတယ်။

ဒီဖြန့်ဝေချက်ကို “Snow Queen” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ကူးယူပြီး ည ၈နာရီ ၅၄ မိနစ်မှာ ထပ်ဆင့်ဖြန့်ဝေ ပါတယ်။ စက်တင်ဘာလ ၁၇ ရက်အထိ အဲဒီတယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖော်ပြထားဆဲဖြစ်ပါတယ်။

Truth Media ရဲ့ ဖော်ပြချက်ကို စက်တင်ဘာလ ၁၇ ရက်အထိ ကြည့်ရှူသူ ရှစ်ထောင်ကျော်၊ Reaction ပြုလုပ်သူ ၅၉ ဦးနဲ့ မှတ်ချက်ပေးသူ ခြောက်ဦးရှိပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Snow Queen ရဲ့ ဖော်ပြချက်မှာ စက်တင်ဘာလ ၁၇ ရက်အထိ ကြည့်ရှူသူ ခြောက်ထောင်ကျော်၊ Reaction ပြုလုပ်သူ ၁၁၉ ဦးနဲ့ မှတ်ချက်ပေးသူ လေးဦးရှိပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

လက္ကူးရွာမှာတိုက်ပွဲဖြစ်ပြီး အရပ်သားတစ်ရာကျော်ဖမ်းဆီးခံရ

စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ လက္ကူးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက စက်တင်ဘာလ ၁၆ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

စစ်ကောင်စီတပ် စစ်ကြောင်းဟာ စက်တင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းမှာ လက္ကူးရွာသို့ ဝင်ရောက်ပြီးနောက် မွန်းလွဲပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က ဖော်ပြတဲ့ “ပုလော လက္ကူးရွာကို စစ်ကောင်စီတပ်မီးရှို့” သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီလို မီးရှို့နေချိန်မှာပဲ ရွာသားတစ်ရာကျော်ကိုလည်း ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်ရက်အကြာ စက်တင်ဘာလ ၁၆ရက်မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီအကြောင်းအရာကို “ပုလော လက္ကူးရွာတွင် နေအိမ်တစ်ဒါဇင်ကျော် မီးရှို့ခံရ” ခေါင်းစဉ်နဲ့ ဖော်ပြတဲ့ Dawei Watch သတင်းရဲ့ ငါးပိုဒ်မြောက်မှာ ဖော်ပြထားတာပါ။ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒေသတွင်း သတင်းဌာန နောက်တစ်ခုဖြစ်တဲ့ The Tanintharyi Times ကလည်း လက္ကူးရွာသားတစ်ရာကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး အကုန်လုံး ပြန်လွတ်လာပြီလို့ ဖော်ပြပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ “ပုလောက လက္ကူးရွာတိုက်ပွဲမှာ အရပ်သားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးကာ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ The Tanintharyi Times က ဖော်ပြတဲ့သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

လက္ကူးရွာတိုက်ပွဲမှာ PDF ကျဆုံးတာမရှိ

လက္ကူးရွာ တိုက်ပွဲမှာ PDF တွေဘက်က ကျဆုံးတာမရှိဘဲ ရဲဘောတစ်ဦးပဲ ဒဏ်ရာ အနည်းငယ်ရတယ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက စက်တင်ဘာလ ၁၆ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်ကို ထုတ်ပြန်ချက်ရဲ့ အချက် ၅မှာ ဖော်ပြထားပြီး ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ဒေသခံတွေ ထွက်ပြေးရ

စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးနေတဲ့အတွက် စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းအထိ လက္ကူးရွာနဲ့ မှော်ကြောင်းရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်ကနေ ၁၇ ရက်အထိ ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အရင်ကလည်း သတင်းမှားတွေ ဖြန့်ဝေဖူးတယ်

Truth Media တယ်လီဂရမ်ချန်နယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်ကလည်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသမှာ အရပ်သားပြည်သူ ၁၁ ဦး ဖမ်းဆီးခံထားရချိန် PDF ၁၀ ကျော် ကျဆုံးတယ်လို့ အချိန်ကိုက်သတင်းမှား ဖြန့်ဝေခဲ့ပါသေးတယ်။

အဲဒီလိုဖြန့်ဝေခဲ့တာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းစိစစ်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုမှာလည်း အရပ်သား ပြည်သူ ၃၀ကျော် ဖမ်းဆီးခံရတာကို PDF ၃၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဇူလိုင်လ ၂၇ ရက်မှာ Truth Media နဲ့အတူ The Fighter Media (TFM) တယ်လီဂရမ်ချန်နယ်တွေက သတင်းမှား ဖြန့်ခဲ့ပါသေးတယ်။

Dawei Watch က သတင်းစိစစ်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူပဲ ထားဝယ်မြို့နယ် ဝကုန်းရွာမှာလည်း အရပ်သားတွေ ဖမ်းဆီးခံရတာကို PDF ဖမ်းဆီးခံရတယ်ဆိုပြီး Truth Media နဲ့ Snow Queen ချန်နယ်တွေက သတင်းမှား ဖြန့်ခဲ့ပါသေးတယ်။

Dawei Watch က သတင်းစိစစ်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Dawei Watch သုံးသပ်ချက်

ပုလောမြို့နယ် လက္ကူးရွာနဲ့ အနီးဝန်းကျင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

စစ်ကြောင်းထိုးချိန်မှာ စစ်ကောင်စီတပ်က လက္ကူးရွာသား တစ်ရာကျော် ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပြန်လည်လွတ်မြောက်လာပြီး သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ ရွာသားတွေပဲ ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။  

PDF တွေကို စစ်ကောင်စီက အကြမ်းဖက်လို့ စွပ်စွဲတံဆိပ်ကပ် ကြေညာထားတာကြောင့် ဖမ်းမိတယ်ဆိုရင် အရေးယူတာတွေ လုပ်နိုင်ပါတယ်။ အခုဖြစ်ရပ်မှာက ဖမ်းမိပြီး တစ်ရက်အကြာမှာပဲ ပြန်လွှတ်ပေးခဲ့တာ ဖြစ်တာကြောင့် သာမန်အရပ်သားတွေဖြစ်လို့ ကောက်ချက်ချလို့ရပါတယ်။

ဒါကြောင့် အရပ်သားတစ်ရာကျော် ဖမ်းဆီးခံထားရချိန် PDF တစ်ရာကျော် ကျဆုံးတယ်ဆိုတဲ့ ဖြန့်ဝေမှုဟာ သာမန် အရပ်သားပြည်သူတွေ ဖမ်းဆီးခံရချိန် အချိန်ကိုက်ပုံဖော်ဖြန့်ဝေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact-Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာတွေကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။