ပုလော လက္ကူးရွာကို စစ်ကောင်စီတပ် မီးရှို့

0
1659

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ပြီး လက္ကူးကျေးရွာအား မီးရှို့နေကြောင်း ဒေသခံများကပြောသည်။

“လက္ကူးကိုတော့ မီးရှို့နေတာ ၁ နာရီလောက်ရှိပြီ။ အိမ်တွေဘယ်လောက်လောင်တယ်ဆိုတာမသိရသေးဘူး။ တစ်ရွာလုံးထွက်ပြေးနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် မှော်ကြောင်းကျေးရွာသို့ ဝင်ရောက်လာပြီး ယနေ့နံနက်တွင် လက္ကူးကျေးရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ကြားရရပြီးနောက် မီးခိုးလုံးများ ထွက်လာကြောင်း ဒေသခံများကပြောသည်။

“လက္ကူးရွာလယ်က စရှို့နေတယ်။ တိုက်ပွဲလည်းဖြစ်နေတယ်။ ပင်လယ်ထဲက လက်နက်ကြီးနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

ကျေးရွာ မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က လက္ကူးကျေးရွာအုပ်စု၊ ပိတပ်ရွာတွင်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့သေးသည်။