သံဖြူဇရပ်တွင် မီးကြိုးတက်ခိုးသည့် အမျိုးသားဓာတ်လိုက်သေဆုံး

0
1121

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ ညက ဓာတ်တိုင်ပေါ် မီးကြိုး တက်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှသိရသည်။

သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်နေ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“သံဖြူဇရပ်မှာက ပုံမှန် ည ၁၂နာရီလောက်မှ မီးလာတာ။ (စက်တင်ဘာ ၁၄) မနေ့ညပဲ ၉ နာရီလောက် မီးလာ တယ်။ အဲဒီချိန်မှာ အဲဒီလူက မီးကြိုးတက်ဖြတ်တာနဲ့ ဆုံသွားတာထင်တယ်။ ဓာတ်တိုက်ပေါ် သေနေတာ ဒီမနက်မှ တွေ့ကြတာ” ဟု သံဖြူဇရပ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားတွင် မီးကြိုးဖြတ်သည့် ကိရိယာတွေ့ရပြီး ကြိုးဖြတ်ထားသည်ကိုလည်း တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က အောက်သို့ချပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အချိန်ပိုင်းသာ လျှပ်စစ်မီးလာနေသည့် သံဖြူဇရပ်မြို့တွင် မီးကြိုးဖြတ်တောက် ခိုးခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွား နေကြောင်း မြို့ခံတို့ထံမှသိရသည်။

သံဖြူဇရပ်မြို့နည်းတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတို့တွင် လျှပ်စစ်မီးမလာသည့် ညပိုင်းအချိန်တွင် မီးကြိုးခိုးသည့် ဖြစ်စဉ်များလည်းရှိနေကြောင်း ဒေသခံများထံ မေးမြန်းချက်အရသိရသည်။