ထားဝယ်က ဘဏ်များတွင် တစ်ကျော့ပြန် ငွေထုတ်ရခက်ခဲလာ

0
355

ထားဝယ်မြို့ရှိ ပုဂ္ဂလိဘဏ်များတွင် လှည့်ပတ်သုံးစွဲနေသည့် ‌ငွေသားလက်ကျန်နည်းပါးနေသဖြင့် ပိုက်ဆံထုတ်ယူရ ခက်ခဲလာကြောင်း ကိုယ်တိုင် ငွေထုတ်ယူခဲ့သည့် ‌မြို့ခံအချို့က ပြောသည်။

ငွေကျပ်ဆယ်သိန်းဝန်းကျင်မျှကိုသာ ထုတ်ယူရလွယ်ကူပြီး သိန်းငါးဆယ်၊ တစ်ရာဆိုပါက ထုတ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။

ငွေကျပ်သိန်းတစ်ရာ ထုတ်ယူလိုပါက တစ်ရက်လျှင် သိန်းသုံးဆယ်ကျော်ဖြင့် သုံးရက်စောင့်ပြီး ထုတ်ယူနေရ‌ကြောင်း ကိုယ်တိုင်ငွေထုတ်ယူခဲ့သူတစ်ဦးက ပြောဆိုသည်။

“လုံးဝမထုတ်ပေးတာတော့မဟုတ်ဘူး။ ငွေများရင် အခုလွှဲ အခုထုတ် မရဘူး။ သုံးလေးခါခွဲပြီး ထုတ်ပေးတယ်။ စောင့်ရကြတာပေါ့။ အရေးတကြီးလိုရင် အခုလို အခုမရဘူး” ဟု ဧပြီလ ၃၀ ရက်က ငွေသွားထုတ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ဖြစ်ရခြင်းမှာ အပ်ငွေနည်းပြီး၊ ထုတ်ငွေများနေခြင်း တစ်နည်းအားဖြင့် ငွေသားအဝင်နည်းပြီး ထုတ်ယူငွေသားပမာဏ များပြားနေခြင်းကြောင်း ပုဂ္ဂလိ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“လကုန်ရက်တွေဆိုရင် ပိုဆိုးတယ်။ နိုင်ငံခြားကနေ ပိုက်ဆံလွှဲတဲ့သူတွေက များတာကို။ ဘဏ်မှာက ငွေသားလက်ကျန်က နည်းနေတော့ အားလုံးကို ထုတ်ပေးမနိုင်ဘဲ ဖြစ်သွားတာ။ အားလုံး အဆင်ပြေအောင်လို့ ရှိတဲ့ငွေပမဏကို ချင့်ချိန်ပြီး ထုတ်ပေးနေရတာပေါ့” ဟု ၎င်းက ဆိုသည်။

ယခင်ကမူ ဘဏ်တွင် ငွေသားလက်ကျန် နည်းသွားပါက ရုံးချုပ် သို့မဟုတ် အခြားဘဏ်ခွဲတစ်ခုခုထံမှ ငွေသားအကူအညီယူပြီး ထုတ်ပေးနိုင်သဖြင့် ယင်းအခက်အခဲမဖြစ်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင်မူ ထားဝယ်- မော်လမြိုင်- ရန်ကုန်သွား ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကားလမ်းဖြင့် ငွေ‌သားသယ်ယူနိုင်ခြင်း မရှိတော့ကြောင်း အထက်ပါဝန်ထမ်းက ရှင်းပြသည်။

“အခုက လေကြောင်းကပဲ (ငွေသား) ပို့ကြတာများတယ်။ အခုတလောတော့ ဘာဖြစ်မှန်းတော့မသိဘူး။ လေကြောင်းကလည်း မလာနိုင်ဘဲဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ဘဏ်တွင် ငွေထုတ်ရခက်ခဲသဖြင့် Kpay ၊ Wave Money တို့ဖြင့် ငွေလွှဲပါကလည်း ကျပ်တစ်သိန်းလျှင် ငွေထုတ်ခ ၁၅၀၀ ကျပ် ပေးနေရသဖြင့် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင်တွင် လတ်တလော ဖြစ်ပေါ်နေသည့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့်လည်း ငွေထုတ်ပေးရာတွင် ကြန့်ကြာမှု ဖြစ်ပေါ်နေကြောင်း ငွေထုတ်သူတို့က ပြောဆိုကြသည်။