ပုလော လက္ကူးရွာတွင် နေအိမ်တစ်ဒါဇင်ကျော် မီးရှို့ခံရ

0
1294

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နေအိမ်တစ်ဒါဇင်ကျော် မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က လက္ကူးရွာအတွင်း စစ်ကြောင်းထိုးခဲ့ပြီး PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် အရပ်သားနေအိမ် လေးဆောင်အား မီးတင်ရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

နောက်တစ်ရက်တွင်လည်း ထပ်မံမီးရှို့ခဲ့ရာ အရပ်သားနေအိမ် စုစုပေါင်း ၁၃ဆောင် မီးရှို့ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အရှို့ခံရတာက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ။ လူတွေက အကုန်ပြေးကြတော့ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဘယ်သူယူလို့ ယူမှန်းမသိ အကုန်ဆုံးကုန်ကြတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

နေအိမ်မီးရှို့နေချိန် စစ်ကောင်စီတပ်က ရွာသားတစ်ရာကျော်ကို ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးကာ စစ်ဆေးခဲ့ပြီး အဆိုပါဒေသခံများကို စက်တင်ဘာလ ၁၆ရက်က ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် လက္ကူး၊ မှော်ကြောင်းရွာနေ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ယနေ့ စက်တင်ဘာလ ၁၇ ရက် နံနက်အထိ ပစ်ခတ်မှုများ ကြားနေရသေးကြောင်း ဒေသခံများက ဆိုသည်။

“စစ်တပ်ကတော့ ဒီမနက်မှော်ကြောင်းဖက် ပြန်ဆုတ်သွားတယ်ကြားတယ်။ လက်နက်ကြီးတွေကတော့ ပင်လယ်ထဲ ကရော ကုန်းပေါ်ကပါ ထုတုန်းပဲ” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

လက္ကူးကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ မသိရှိရသေးပေ။