ကျောက်ရပ်ရွာသားတစ်ဦး ဖမ်းခံရပြီး တစ်ပတ်ကြာအထိအဆက်သွယ်မရသေး

0
1524

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် အသက် ၄၅ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၁၂ ရက်ညကတည်းက အဖမ်းခံရပြီး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။

အဖမ်းခံရသူမှာ ဦးမျိုးဝင်းဆိုသူဖြစ်ပြီး ၎င်းကို ကျောက်ရပ် ရွာလယ်ဇရပ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ဦးမျိုးဝင်းသည် ယခင်က ဆံသလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း CDM ပြုလုပ်ထားသည့် သားဖွားဆရာမဖြစ်ကြောင်း ဒေသခံရွာသားတို့ကထံမှ သိရသည်။ 

စက်တင်ဘာလ ၁၂ ရက် ညက ကျောက်ရပ်ရွာတွင် နေအိမ်အချို့ကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ ကြောင်း ဒေသခံတို့က ပြောဆိုသည်။ 

“ဦးမျိုးဝင်းက မိသားစုနဲ့လည်း အဆက်သွယ်ပြတ်နေတယ်။ တစ်ပတ်ကြာတဲ့အထိ ဘာမှပြန်မကြားရသေးဘူး” ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၃၁ ရက်တွင် ကျောက်ရပ်ရွာက ပျူစောထီးဆိုသူ ကိုဖိုးလုံး (ခေါ်) ကိုဇင်ဇင်၏ နေအိမ် မီးရှို့ခံရပြီးနောက် နှစ်ပတ်အကြာတွင် ဦးမျိုးဝင်း အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံ သိရသည်။

သို့သော် ဦးမျိုးဝင်းကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်နှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတည်မပြုနိုင်သေးပေ။

ကျောက်ရပ်ကျေးရွာအုပ်စုရှိ ကျောက်ရပ်ရွာ၊ ဝမော်ရွာ၊ ပေါက်တိုင်းရွာတို့တွင် ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ တပည့်ပျူစောထီးများက လစဉ်ကြေးကောက်ခံခြင်းနှင့် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတို့၏ ပြောကြားချက်အရသိရသည်။