ရေး-ထားဝယ်ကားလမ်းမှာ PDF တွေ ဆက်ကြေးကောက်နေတယ်ဆိုတဲ့အပေါ် စိစစ်ချက်

0
1736

ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က ရေး-ထားဝယ်လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေက ခရီးသွားကားတွေဆီကနေ ဆက်ကြေးကောက်နေတယ်လို့ ဩဂုတ်လဆန်းပိုင်းတွင် တယ်လီဂရမ်ချန်နယ်တချို့မှာ ရေးသားနေတာ တွေ့ရပါတယ်။

အဲဒီလို ဖော်ပြချက်တဲ့ အကြောင်းအရာတွေနဲ့ အချက်အလက်တွေကို Dawei Watch က စိစစ်ကြည့်တဲ့အခါ သတင်းမှားဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဩဂုတ်လ ၈ရက် ညနေပိုင်းက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသွားယာဉ်တွေကို PDF တောင်ညိုစစ်ကြောင်းက လက်နက်ပြခြိမ်းခြောက် ငွေကောက်နေတယ်လို့ ‘အသန်း’ အမည်ရ တယ်လီဂရမ်ချန်နယ်မှာ ဩဂုတ်လ ၉ ရက်နေ့က ဖော်ပြပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

‘snow queen’ အမည်ရ တယ်လီဂရမ်ချန်နယ်ကလည်း မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်းမှာ PDF တွေ ဆက်ကြေးကောက်ခံနေတဲ့ မြင်ကွင်းဆိုပြီး ဩဂုတ်လ ၉ ရက်နေ့မှာပဲ ဖော်ပြပါတယ်။

ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဩဂုတ်လ ၂၉ ရက်အထိ အသန်း တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကို ကြည့်ရှုသူ တစ်သောင်းတစ်ထောင်ကျော်၊ Reaction ပြုလုပ်သူ ၁၇၀ ၊ မှတ်ချက်ပေးသူ ခြောက်ဦး ရှိပါတယ်။

snow queen တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်မှာတော့ ကြည့်ရှုသူ ခုနစ်ထောင်ကျော်၊ Reaction ပြုလုပ်သူ ၁၃၂ ဦး၊ မှတ်ချက်ပေးသူ ခုနစ်ဦး ရှိနေတာကို တွေ့ရပါတယ်။

လမ်းပိုင်းမှာ စစ်ဆေးတာတွေ ရှိတယ်

ရေး-ထားဝယ်လမ်းပိုင်းမှာ ဇူလိုင်လကစပြီး လမ်းပိုင်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေတယ်လို့ တောင်ညိုစစ်ကြောင်းက သူတို့ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားတပ်ဖွဲ့ဝင်တွေအပြင် အမျိုးသမီးတပ်ဖွဲ့ဝင်တွေပါ ပါဝင်ပြီး စစ်ဆေးရေးပြုလုပ်နေတာဖြစ်တယ်လို့ တောင်ညိုစစ်ကြောင်းက ဇူလိုင်လမှာ နှစ်ကြိမ်၊ ဩဂုတ်လမှာ နှစ်ကြိမ် စုစုပေါင်း လေးကြိမ် သတင်းထုတ်ပြန်ထားပါတယ်။

တောင်ညိုစစ်ကြောင်း (ကစယ့်သူးတပ်ရင်း) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

ဆက်ကြေးကောက်ခံတာ မရှိ

ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေရဲ့ ယာဉ်မောင်းတွေကို မေးမြန်းကြည့် ရာမှာတော့ ဒီလမ်းပိုင်းမှာ PDF တွေ စစ်ဆေးတာကြုံဖူးပေမယ့် ငွေကြေးတောင်းခံတာမျိုး မရှိဘူးလို့ ပြောဆိုကြ ပါတယ်။

ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းသို့ ပြေးဆွဲနေတဲ့ Express ယာဉ်လိုင်းတစ်ခုရဲ့ ယာဉ်မောင်းတစ်ဦးက “အရင်က PDF တွေ စစ်ဆေးတာမျိုး မရှိဘူး။ အခုလပိုင်း (ဩဂုတ်လ) မှာတော့ တစ်ခါအစစ်ခံရဖူးတယ်။ သာမန်ပါပဲ။ ခရီးသည်တွေဆီမှာ မှတ်ပုံတင်ယူစစ်တာလောက်ပါပဲ။ ပိုက်ဆံတောင်းတာမျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။

အိမ်စီးကားနဲ့ ရန်ကုန်-ထားဝယ် ခရီးသည်ပို့ဆောင်ပေးနေတဲ့ ယာဉ်မောင်းတစ်ဦးကို မေးကြည့်ရာမှာလည်း ဩဂုတ်လထဲ ရန်ကုန်နဲ့ ထားဝယ်ကို ခေါက်တုံ့ခေါက်ပြန်သွားနေပေမယ့် PDF တွေက ငွေကြေးတောင်းခံတာမျိုး မကြုံဖူးဘူးလို့ ဆိုပါတယ်။

“တစ်လလုံးတောက်လျှောက် အသွားအပြန်မောင်းနေတာ။ (PDF တွေဆီမှာ) လေးခါလောက်တော့ အစစ်ခံရဖူးတယ်။ နေ့တိုင်းစစ်နေတာတော့ မဟုတ်ဘူး။ PDF ဂိတ်အနေနဲ့ ဆက်ကြေးပေးရတာမျိုးလည်း မကြုံရသေးဘူး” လို့ အဲဒီယာဉ်မောင်းက ဖြေကြားပါတယ်။

ဩဂုတ်လဆန်းပိုင်းမှာပဲ ရန်ကုန်သို့ အိမ်စီးကားနဲ့ သွားရောက်ခဲ့တဲ့ ထားဝယ်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီဂိတ်မှာပဲ ငွေပေးရတယ်လို့ ပြောဆိုပါတယ်။

“PDF က သိပ်မစစ်ပါဘူး။ လမ်းပိုင်းမှာ စောင့်ကြည့်နေတာလောက်ပဲ။ ပိုက်ဆံပေးရတာ ရေးမြို့အဝင်က စစ်တပ်ဂိတ်မှာ ၃၀၀၀ တစ်ခါပေးရတယ်။ ကျန်တာတော့ ဘာမှပေးရတာမျိုးမရှိဘူး” ဟု သူက ပြောပါတယ်။

ရေး-ထားဝယ် ကားလမ်းပိုင်းမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ တောင်ညိုစစ်ကြောင်းကို ဆက်သွယ်မေးမြန်းရာမှာလည်း လမ်းပိုင်းစစ်ဆေးရေးတွေပဲ ပြုလုပ်နေတာဖြစ်ပြီး ဆက်ကြေးကောက်ခံတာ မရှိဘူးလို့ အကြောင်းပြန်ကြားပါတယ်။

ဓာတ်ပုံ အသုံးပြုမှု

အသန်း နဲ့ snow queen တယ်လီဂရမ်ချန်နယ် နှစ်ခုစလုံးမှာ PDF ဆက်ကြေးကောက်နေတယ်ဆိုတဲ့ဖော်ပြချက်မှာ ဩဂုတ်လ ၈ ရက်က တောင်ညိုစစ်ကြောင်းရဲ့ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်တဲ့အကြောင်း သတင်းထုတ်ပြန်ရာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ထည့်သွင်းဖော်ပြထားတာပါ။

တောင်ညိုစစ်ကြောင်းရဲ့သတင်းထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

တောင်ညိုစစ်ကြောင်းက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပြီးနောက်တစ်ရက်မှာ အသန်း နဲ့ snow queen တယ်လီဂရမ်ချန်နယ်တွေက အဲဒီဓာတ်ပုံတွေကိုယူသုံးပြီး ရေးသားဖော်ပြကြတာပါ။

ဆက်ကြေးကောက်တယ်လို့ သတင်းမှားဖြန့်ဖူးတယ်

အလားတူ ဩဂုတ်လဆန်းပိုင်းက ထားဝယ်ခရိုင်သပိတ်ကော်မတီက အသိပညာပေးစာစောင်ဝေနေတာကို သပိတ်အဖွဲ့တွေက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ဆက်ကြေးကောက်နေတယ်လို့ ‘မှိုင်းဝေ’ တယ်လီဂရမ်ချန်နယ်က သတင်းမှားဖြန့်မှုမျိုးလည်း ရှိခဲ့ပါတယ်။

မှိုင်းဝေက ရေးသားဖော်ပြချက်ကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ရဲ့ ရေးသားချက်မှာ သတင်းမှားဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာ တစ်ခုဖြစ်တဲ့ The Tanintharyi Times ရဲ့ အချက်အလက်စိစစ်ပြီး ဩဂုတ်လ ၈ရက်နေ့က ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Dawei watch ရဲ့ သုံးသပ်ချက်

ရေး-ထားဝယ် ကားလမ်းပိုင်းမှာ တောင်ညိုစစ်ကြောင်းက ခရီးသွားကားတွေကို တားဆီးစစ်ဆေးမှုတွေ လုပ်နေတာဟာ မှန်ပါတယ်။

ခရီးသွားကားတွေဆီကနေ PDF တွေက ဆက်ကြေးကောက်ကောက်ခံတယ်လို့ တယ်လီဂရမ်ချန်နယ်တွေက ရေးသားဖော်ပြချက်တွေကို အဲဒီလမ်းပိုင်းမှာ သွားလာနေကြတဲ့ ခရီးသည်တင်ကားတွေရဲ့ ယာဉ်မောင်းတွေကို မေးကြည့်စိစစ်ကြည့်တဲ့အခါ သတင်းမှားဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact-Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။