တနင်္သာရီတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

0
1248

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။

ယနေ့ (သြဂုတ် ၃၁) နေ့လယ် ၂ နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာဝန်းကျင်တွင် အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“နှစ်ဖက်တိုက်ပွဲဖြစ်ပြီး သူတို့(စစ်ကောင်စီတပ်)ဘက် ထိခိုက်အကျအဆုံးရှိသလို ကျွန်တော်တို့ဘက်လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက လတ်တလော ထုတ်ပြန်ထားခြင်းမရှိသေးပေ။

နှစ်ဖက်တိုက်ပွဲအတွင်း ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ တပ်ရင်းဘက်မှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။