တော်၀င်လွတ်ငြိမ်းသက်သာခွင့်ရရှိရေး ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် တင်သွင်း

0
1183

မကြာသေးမီကမှ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပြီးနောက် လက်ရှိတွင် ဘန်ကောက်မြို့ရှိ ရဲဌာနချုပ် အထွေထွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ပြည်တော်ပြန် ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် တော်ဝင် လွတ်ငြိမ်း သက်သာခွင့်အတွက် အသနားခံစာ တင်သွင်းထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းဒုတိယ၀န်ကြီးချုပ် Wissanu Krea-ngam ကလည်း သက်ဆင်၏ အဆိုပါတောင်းဆိုမှုကို လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ထံ ဆက်လက်မတင်သွင်းမီ လိုအပ်သည်များကို အသေးစိတ် စစ်ဆေးမည် ဖြစ်ကြောင်း ဩဂုတ်လ ၃၁ရက်နေ့ တွင် ပြောကြားခဲ့သည်။

ယခုလို တင်သွင်းမှုကို အိမ်စောင့် အစိုးရ ဒါမှမဟုတ် မကြာမီ တက်လာတော့မည့် အစိုးရသစ် က ကိုင်တွယ်မည်လား ဆိုသည့် အနေအထား ကိုလည်း သူ့အနေနှင့် သေချာမသိရှိသေးကြောင်း Wissanu က ထပ်လောင်းပြောကြားခဲ့သည်။ တရား၀င် လုပ်ထုံးလုပ်နည်းအရ ဤကဲ့သို့သော အသနားခံ လျှောက်ထားမှု များကို  ဝန်ကြီးချုပ် ဖြစ်သူ က ဘုရင်ထံ တင်သွင်းရမည်ဖြစ်သည်။

သို့သော် သြဂုတ် ၂၈ ရက်နေ့တွင်မူ  Thai  Pakdee ပါတီသည် သက်ဆင်၏ တော်ဝင်လွတ်ငြိမ်းသက်သာခွင့်ကို တောင်းခံရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ရန် ရည်ရွယ်ကာ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အသနားခံစာ တင်သွင်းခဲ့သည်။

သက်ဆင်သည် အကျင့်ပျက်ခြစားမှုဆိုင်ရာစွဲချက် လေးခုရှိသည့်အတွက် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဂုဏ်သိက္ခာကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဆိုထားသည့် အချက်ကို အခြေခံကာ ၎င်း အသနားခံစာကို တင်သွင်းရခြင်း ဖြစ်ကြောင်း Thai Pakdee ၏ဘဏ္ဍာရေးမှူး Anand Sakorncharoen က ပြောကြားခဲ့သည်။

“သက်ဆင်ဟာ နိုင်ငံရပ်ခြားကို ထွက်ပြေးပြီး ပြစ်ဒဏ်ကို ကာလကြာရှည်စွာ ရှောင်တိမ်းခဲ့ပါတယ်။ ဒီလို အပြုအမူကနေ (ထိုင်း) နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို မလေးစားကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး  ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆင်ရဲ့ တော်ဝင်လွတ်ငြိမ်းသက်သာခွင့်အတွက် အသနားခံစာက ဘုရင်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ” ဟု Anand က ပြောသည်။

သက်ဆင်၏ အသနားခံစာ ကို ခွင့်ပြုပါက ထိုင်းနိုင်ငံတွင်း တရားမျှတမှု မရှိဘဲ တရားဥပဒေနှင့် လူမှုရေး ဆိုင်ရာ မညီမျှမှုများကို အလေးပေး ဆောင်ရွက်နေသည့်ပမာ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ဤအနေအထား သည် ထိုင်းနိုင်ငံတွင်း ထောင်သည် ဆင်းရဲသားများအတွက်သာ ဖြစ်သည်ဟူသော သဘောတရားကိုလည်း တနည်းတဖုံ အတည်ပြုပေးလိုက်သလို ဖြစ်လာနိုင်ကြောင်း ၀ေဖန်ခဲ့သည်။

Reference

●       Thai PBS World