မြန်မာနှင့် အိန္ဒိယက ပြည်ပဆန်တင်ပို့မှု ဆိုင်းငံ့ထားသဖြင့် ထိုင်းဆန်ဈေးနှုန်း မြင့်တက်လာ

0
1583

မြန်မာနှင့် အိန္ဒိယနိုင်ငံများက ပြည်ပဆန်တင်ပို့မှုကို ဆိုင်းငံ့ထားသဖြင့် ကမ္ဘာ့ဆန်ဈေးမြင့်တက်လာခဲ့ရာမှ ထိုင်းဆန်စပါးဈေးသည်လည်း တစ်တန်လျှင် ဘတ် ၁၂၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံက ပြည်ပဆန်တင်ပို့မှုကို ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ရပ်ဆိုင်းလိုက်သဖြင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် စိုးရိမ်မှုများ မြင့်တက်လာနေပြီး အာရှဆန်ဈေးနှုန်းသည်လည်း ၁၅ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိလာသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်ပဆန်တင်ပို့နေမှု အများဆုံးဖြစ်သော နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းအထိ တင်ပို့နေသော နိုင်ငံဖြစ်သည်။

ထို့ကြောင့် ဆန်ပြည်ပတင်ပို့ရောင်းချနေသော ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံများကလည်း အဆိုပါရိုက်ခတ်မှုကို ခံစားခဲ့ကြရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံက ဆန်စပါးအားလုံးကို တင်ပို့ခွင့် မပြုတော့ဘဲ အမျိုးအစားတစ်မျိုးတည်းသာ ပြည်ပတင်ပို့ရန် လမ်းဖွင့်ထားခဲ့သည်။

ထိုင်းနိုင်ငံ၏ လက်ရှိဆန်ဈေးနှုန်းအခြေအနေကြောင့် ဆန်ရောင်းချနေသူများအတွက် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရန် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေခဲ့ပြီး မြန်မာနိုင်ငံက ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကလည်း အလှုပ်အရွ ပိုများစေလာခဲ့ကြောင်း ထိုင်းနိုင်ငံ ဆန်ပြည်ပတင်ပို့သည့်အဖွဲ့၏ ဥက္ကဋ္ဌက ပြောကြားထားသည်။

ထိုင်းဆန်စပါးအသင်းကလည်း လာမည့်စက်တင်ဘာလမှစ၍ ဆန်အိတ်ဈေးနှုန်းများကို တစ်ကီလိုလျှင် ၃ ဘတ်နှုန်းဖြင့် ဈေးမြင့်တက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကလည်း ပြည်တွင်းဆန်ဈေးတက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ယခုလကုန်တွင် ပြည်ပဆန်တင်ပို့မှုကို ၄၅ ရက်ကြာ ယာယီကန့်သတ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးက REUTERS သတင်းဌာနကို ပြောကြားထားသည်။

မြန်မာနိုင်ငံကလည်း ကမ္ဘာပေါ်တွင် ပြည်ပဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် ပဥ္စမနေရာတွင် ရှိပြီး တစ်နှစ်လျှင် တန်ချိန် ၂ သန်းကျော်အထိ တင်ပို့နေကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်နေတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့ရန် ပြန်လည်ခွင့်ပြုပေးခဲ့ပြီး တင်ပို့မည့်နိုင်ငံများတွင် ဘူတန်နှင့် မလေးရှားနိုင်ငံများ ပြန်လည်ပါဝင်လာခဲ့သည်။

Ref: The Nation Thailand, REUTERS, The Straits Times, Thai PBS World