ဒီည ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမယ်၊ မန်ယူအတွက် အုပ်စုကျပ်လေမလား

0
1950

ဒီညမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွေ မဲခွဲပါတော့မယ်။ မှော်ဝင်ချန်ပီယံလိဂ်ညတွေ ရောက်လာတော့မယ်ဆိုတာက ဘောလုံးပရိသတ်တွေအတွက် ပြီးပြည့်စုံတဲ့ဘောလုံးကမ္ဘာကြီးဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။

ရှေ့လာမယ့်သီတင်းပတ်ကိုရောက်ရင် နိုင်ငံတကာပွဲစဉ်တွေက ကြားဝင်လာမှာဖြစ်လို့ ကလပ်ပွဲတွေ တစ်ပတ်နားပါလိမ့်မယ်။ နိုင်ငံတကာပွဲစဉ်သီတင်းပတ်ပြီးဆုံးသွားရင်တော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တို့ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ဘောလုံးလောကကြီးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတော့မှာပါ။

ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူနဲ့ အာဆင်နယ်တို့လိုအသင်းတွေ ပြန်ပြီး ပါဝင်လာလို့ပါပဲ။

တစ်ဖက်မှာ ဖလားသုံးလုံးချန်ပီယံအသင်း မန်စီးတီးကလည်း ရှိနေသေးတာကြောင့် ဘယ်အသင်းတွေ ဘယ်အုပ်စုထဲကျရောက်ပြီး ဘယ်အသင်း အုပ်စုကျပ်မလဲ၊ ဘယ်အသင်း အုပ်စုချောင်မလဲဆိုတာက ချန်ပီယံလိဂ်မဲခွဲပွဲ မတိုင်ခင်မှာတင် ပွဲဆူနေပြီဖြစ်ပါတယ်။

ဒီနေရာမှာတော့ ပရိသတ်စိတ်ဝင်စားလို့နေတဲ့ မန်ယူအသင်းဟာ ဘယ်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နိုင်ခြေတွေရှိပြီး ဘယ်လိုဆိုရင် အုပ်စုအချောင်ဆုံးဖြစ်မလဲ၊ ဘယ်လိုဆိုရင် အုပ်စုအကျပ်ဆုံးဖြစ်မလဲဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကို နတ်ကြီးလွန်းလှတဲ့ပြိုင်ပွဲလို့လည်း ဆိုစမှတ်ပြုကြပါတယ်။ အသင်းတိုင်းဟာ သက်ဆိုင်ရာလိဂ်တစ်ခုချင်းစီက အကောင်းဆုံးအသင်းတွေ ဖြစ်ကြတဲ့အတွက် တစ်ခါတရံမှာ တချို့သောလိဂ်က အသင်းတွေကို လျှော့တွက်မိလိုက်တာနဲ့ အသင်းကြီးတချို့က ဒုက္ခများရတာတွေ ရှိလို့ပါပဲ။

နာမည်မကြီးတဲ့ လိဂ်တွေက အသင်းတွေဟာ အိမ်ကွင်းကစားပုံမာကျောပြီး ထင်မှတ်မထားဘဲနဲ့ ရလဒ်တွေကောင်းမွန်သွားခဲ့ရင် ဖျက်မြင်းအဆင့်မျိုးကို တက်လှမ်းရောက်ရှိသွားတတ်လေ့ရှိပါတယ်။ အဲ့ဒီလိုအသင်းမျိုးက ခြေစွာသွားပြီဆိုရင် အသင်းကြီးတချို့က ချန်ပီယံလိဂ်ကနေ ထွက်ရပြီး ယူရိုပါလိဂ်ဆင်းကန်ရတဲ့ဘဝဆီ ရောက်သွားတော့တာပါပဲ။

ချန်ပီယံလိဂ်မှာ သတ်မှတ်အဆင့်အလိုက် မဲအိုးလေးခု ခွဲခြားထားပြီး အုပ်စုတစ်ခုမှာ မဲအိုးတစ်အိုးစီက အသင်းတစ်သင်းစီ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတူတဲ့ ကလပ်အသင်းတွေဟာ အုပ်စုတစ်ခုတည်းကို အတူတူ ကျရောက်မှာတော့ မဟုတ်ပါဘူး။ မန်ယူ ပါဝင်လို့နေတာက မဲအိုးနံပါတ် ၂ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲအတွက် မဲအိုးခွဲခြားထားတာတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် မဲအိုးနံပါတ်(၁)မှာ မန်စီးတီး၊ ဆီဗီလာ၊ ဘာစီလိုနာ၊ နာပိုလီ၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ဘင်ဖီကာနဲ့ ပီအက်စ်ဂျီ တို့ ပါဝင်နေတာကို မြင်တွေ့ရပါလိမ့်မယ်။

မဲအိုးနံပါတ်(၂)မှာကတော့ ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ အင်တာမီလန်၊ ဒေါ့မွန်၊ အက်သလက်တီကို၊ လိုက်ပ်ဇစ်ဂျ်၊ ပေါ်တိုနဲ့ အာဆင်နယ်တို့ ပါဝင်နေပါတယ်။

မဲအိုးနံပါတ်(၃)ထဲကို ရောက်ရှိနေတဲ့အသင်းတွေကတော့ ရှက်တာဒိုးနက်၊ ဆဲလ်ဘတ်၊ အေစီမီလန်၊ စပို့တင်းဘရာဂါ၊ ပီအက်စ်ဗီ၊ လာဇီယို၊ ရက်ဒ်စတား ဘဲလ်ဂရိတ်၊ ကိုပင်ဟေဂင် တို့ပါပဲ။

မဲအိုးနံပါတ်(၄)ထဲကိုတော့ ယန်းဘွိုင်းစ်၊ ဆိုစီဒက်၊ ဂါလာတာစာရေး၊ ဆဲလ်တစ်၊ နယူးကာဆယ်၊ ယူနီယံဘာလင်၊ အန့်ဝပ်နဲ့ လန်းစ် တို့ ကျရောက်နေကြတာပါ။

ဒီတော့ ဘယ်လိုဆိုရင် မန်ယူအတွက် အုပ်စုချောင်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် လွယ်လင့်တကူ ဖြစ်နိုင်မလဲ။ မဲအိုး(၁)ထဲက ဖီယင်နု ထွက်လာ၊ မဲအိုး(၃)ထဲက ကိုပင်ဟေဂင် ထွက်လာ၊ မဲအိုး(၄)ထဲက အန့်ဝပ် ထွက်လာပြီး အဲ့ဒီအသင်းတွေနဲ့ တစ်အုပ်စုတည်းမဲကျရင်တော့ မန်ယူအတွက် အေးအေးဆေးဆေး ဖြစ်သွားပါလိမ့်မယ်။

ဒါပေမဲ့ အဲ့ဒီလိုအုပ်စုတစ်ခုကို မန်ယူအတွက် ဘယ်သူကမှ မဖန်တီးပေးလောက်ပါဘူး။ ဒီတော့ သေချာနေတာက မန်ယူဟာ ထိပ်တန်းပြိုင်ဘက်၊ ခက်ခဲတဲ့ပြိုင်ဘက်တစ်သင်းကိုတော့ ကျိန်းသေပေါက် ရင်ဆိုင်ရနိုင်ပါတယ်။

ဘယ်လိုအနေအထားဆိုရင် မန်ယူက မရဏအုပ်စုထဲကို ရောက်သွားနိုင်သလဲဆိုတာလည်း ဒီနေရာမှာ သုံးသပ်ပေးချင်မိပါတယ်။ မဲအိုး(၁)က ဘိုင်ယန်မြူးနစ် ထွက်လာ၊ မဲအိုး(၃)က အေစီမီလန် ထွက်လာ၊ မဲအိုး(၄)က ဆိုစီဒက် ထွက်လာပြီး အဲ့ဒီအသင်းတွေနဲ့သာ တစ်အုပ်စုတည်း ကျရောက်သွားရင်တော့ မန်ယူအတွက် မလွယ်ကြောပါပဲ။

စောစောစီးစီး အောင်ဖျာလိပ်ရဖို့က သေချာသလောက် ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်နဲ့ ဂါလာတာစာရေး ဆိုတာမျိုးဖြစ်လာခဲ့ရင်လည်း အဲ့ဒီအုပ်စုက အုပ်စုကျပ်ဖြစ်သွားမှာပါပဲ။

သေချာတာတစ်ခုကတော့ ချန်ပီယံလိဂ်အုပ်စုဟာ မန်ယူအတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာဦးမှာ ကျိန်းသေလို့နေပါပြီ။ ချန်ပီယံလိဂ်ရဲ့ဘယ်အုပ်စုမှာ ဘယ်အသင်းတွေ အတူတကွကျရောက်သွားလေမလဲဆိုတာကို ဒီညမှာ ရင်ခုန်လိုက်ကြပါစို့။