ယ‌နေ့ည ထိုးသတ်မည့် စိန်ခေါ်ပွဲ ဒေဝ၏ဖေ့စ်ဘွတ်ခ်နှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

0
2816
Photo – Dave Leduc Twitter

ယနေ့ (နိုဝင်ဘာ ၅) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည့် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝနှင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွမ်းဆမ်းနန်တို့၏ပွဲစဉ်ကို ဒေဝ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနှင့် YouTube Channel တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေဝနှင့် ပရွမ်းဆမ်းနန်တို့သည် ပွဲချိန် ၉ မိနစ်ကြာမြင့်မည့် ယခုစိန်ခေါ်ပွဲကို အနားတောင်းယူခွင့် မရှိသည့်စနစ်ဖြင့် တစ်ချီတည်း အပြီးသတ် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ယခုပွဲစဉ်မှာ ဒေ့ဗ်လက်ဒက်(ခ)ဒေဝ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မည်လည်းဖြစ်သည်။

ယနေ့ည ကျင်းပမည့်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု ပါဝင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား ကိုယ်ခံပညာစုံတိုက်ခိုက်ရေး လက်ဝှေ့သမား ၆ ဦးက နိုင်ငံခြားသားပြိုင်ဘက် ၆ ယောက်ကို ရင်ဆိုင်ထိုးသတ်လိမ့်မည်ဖြစ်ကြောင်း သတင်းကြားသိရသည်။ ဒေဝနှင့် ပရွမ်းဆမ်းနန် တို့ ထိုးသတ်မည့် ယခုစိန်ခေါ်ပွဲစဉ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက် ကိုယ်တိုင် တက်ရောက်ကြည့်ရှုအားပေးဖွယ်ရှိနေကြောင်း ကမ္ဘောဒီးယားအခြေစိုက်သတင်းမီဒီယာ Khmer Times က ရေးသားဖော်ပြထားပြီး ၎င်းနှင့် ပရွမ်းဆမ်းနန်တို့ ယှဉ်ပြိုင်မည့် ယခုစိန်ခေါ်ပွဲမှာ အရှေ့တောင်အာရှ လက်ဝှေ့လောက၏သမိုင်းမှတ်တမ်းကြီးဖြစ်လာမည်ဟု ဒေဝက ထုတ်ဖော်ပြောကြားထားသည်။ အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ရွှေခါးပတ်ကို ၆ ကြိမ်တိုင် ဆွတ်ခူးရယူနိုင်ခဲ့ဖူးသော ချန်ပီယံဟောင်း ဒေဝသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်တွင် ပရွမ်းဆမ်းနန်ကို အလဲထိုးဖြင့် အနိုင်ယူကာ သမိုင်းမှတ်တမ်းသစ် လွန်စွာ ရေးထိုးလိုလျက်ရှိသည်။